ဘော်…… ဘူ…. ဘော်………………………..
ရထားဥသြဆွဲသံကို ကြားလိုက်မှ တောင်စဉ်ရေမရလွင့်ပျံ့နေတဲ့ ကျမအတွေးတွေက ရထားထွက်တော့မှာပါလားလို့ အသိလေးတစ်ချက် ကပ်မိပါတော့တယ်။
အရာရာကို ကြိုတင်စီစဉ်တတ်သူ ၊ ဆန္ဒစောတတ်သူ
ကျမ ဘူတာရုံထဲကို မနက် ၅ နာရီခွဲမှာ ရောက်ခဲ့ပါတယ်။ကျမ သွားမယ့် ရန်ကုန် -
သာရဝေါ ရထားက ၆ နာရီ ၁၅ မိနစ်မှာ ထွက်မှာပါ။ အချိန်စောရောက်နေတာဆိုတော့
နံနက်စောစော အချိန်မှာ ဘူတာရုံထဲက ဘ၀အထွေထွေကို ငေးမောကြည့်နေမိပါတယ်။
ထူးခြားတာလေးတစ်ခုကတော့
လက်မှတ်တန်းစီဝယ်နေတာကို သတိထားမိပါတယ်။ အရင်ဆို လက်မှတ်ဝယ်ချိန်မှာ
အမျိုးမျိုးသော အော်ဟစ်သံတွေကို နံနက်ချိန်ခါ တေးသံသာအဖြစ် ကြားနေရတာပါ။
ဘာကြောင့်လဲလို့ စဉ်းစာအဖြေရှားကြည့်လိုက်တော့ အော်…….. လက်မှတ်ခတွေ
ဈေးတက်သွားတာကိုးးးးးးးးးးးးး။
မှောင်နေတဲ့ ကောင်းကင်ယံရဲ့ အရှေ့ဖက် မိုးကုတ်စက်ဝန်းမှာ နေမင်းကြီးကလည်း လင်းရောင်ပျို့လို့ ထွက်ပြူစပါလာခဲ့ပါပြီ ။
စူထွက်ပေါ်လာတဲ့ နေမင်းကြီးက
လောကကြီးတစ်ခုလုံးကို လှန့်နှိုးလိုက်လေရောသလား ။ အလင်းရောင်နဲ့အတူ့
ဘူတာရုံကြီးလည်း ပိုပြီး လှုပ်ရှား အသက်ဝင်လာပါပြီ။ ဘူတာဝန်းကျင်မှာ
သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ကျင်လည်ကျက်စားလှုပ်ရှား နေရတဲ့လူအမျိုးမျိုး
စရိုက်အထွေထွေရဲ့ ဘ၀ပုံရိပ်များ အသံများကလည်း ကျမရဲ့ အမြင်အာရုံ ၊
အကြားအာရုံတွေထဲကို ယှဉ်ပြိုင်တိုးဝင်လာခဲ့ပါပြီပေါ့ ။
`စပျစ်သီးတွေ ..စပျစ်သီးတွေ… တစ်ဆယ်သားကို ၁၀၀ ပါ…
အိမ်ပြန်လက်ဆောင်လေးတွေနော်..`
ကဲ… တွေးမနေနဲ့… ငေးမနေကြပါနဲ့…. သားသားမီးမီး ဖိုးဖိုးဖွားဖွားတို့အတွက် သကြားလုံးတွေနော်
စံပယ်ပန်း စံပယ်ပန်း
ကောက်ညှင်းပေါင်း ပူပူလေးတွေနော်… ကောက်ညှင်းပေါင်း
ဟဲ့ ဒီမှာ ထိုင်ခုံ တွေ့ပြီ တွေ့ပြီ…..
အမျိုးမျိုးသောအသံလေးတွေက ဘူတာဝန်းကျင်မှာ ပျံ့လွင့်နေတော့ ကျမလည်း -
အော် ….. တစ်နေ့တာဘ၀ရဲ့ လိုအပ်ချက်ကို
ဖြည့်ဆည်းနိုင်ဖို့ လှုပ်ရှားနေရတဲ့ သူတို့လေးတွေကို ကြည့်ရင်း ကျမ
သက်ပြင်းမောလေးချလိုက်မိပါတယ်။။။
တစ်ဆက်ထဲမှာပဲ...............
အော် ငါလည်း ဘ၀ ရထား ပေါ်ရောက်နေတာပဲလေလို့
တွေးနေတုန်း လဘက်ရည်ဆိုင်က သဲ့သဲ့လေး ပျံ့လွင့်လာတဲ့သီချင်းလေးတပုဒ်
ကြောင့် ဘယ်ဘက်ရင်အုံက စူးကနဲ နာကျင်မှုကို ခံစားလိုက်ရပါတယ်။
တို့နှစ်ယောက် စီးနင်းလာတဲ့…. ဘ၀ရထားပေါ်ဝယ်….. ခုတော့လည်း… အလွမ်းများနဲ့…..
ဘော်…….. ဘူ………………. ဘော်……………
အော်… ရထားလည်း ဥသြဆွဲပြီ။ ဘ၀ရထားလည်း ဒီတစ်နေ့တာအတွက် စတင်ထွက်ခွာတော့မှာပါလား………………….. တွေးရင်းတွေးရင်းးးးးးးးးးးးးးးးးးးးးးးးး
မဝေးသေးသော အတိတ်ကာလတစ်ခုကို ကျမပြန်ရောက်သွားခဲ့ပါတယ် ။
အော် ကြာတော့လည်း မကြာသေးပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ.........
ဒီခရီးစဉ်လေးကို ဒီဘူတာကနေ ဒီလိုရထားလေးနဲု့ တစ်ချိန်က ချစ်သူနှစ်ဦး အတူ သွားဖူးခဲ့ကြတယ်။
စကားတွေဖောင်ဖွဲ့ရင်း အချိန်တွေကို ကြည်မွေ့ပျော်ရွှင်စွာ ကုန်လွန်စေခဲ့တယ်။
ကျမသွားမှာက သာရဝေါမရောက်ခင် ခမုံဆိပ်။
ရန်ကုန်ကနေဆိုရင် နေ့တ၀က်တိတိ စီးရတဲ့ခရီးပါ။ ဒီခရီးကို ရထားလမ်းနဲ့ပဲ
သွားလို့ရတာပါ။ ဘာလို့များ ကားလမ်း အခုထိ မပေါက်သေးပါလိမ့်လို့
စဉ်းစားမိတိုင်းလည်း ခုထိအဖြေမရခဲ့ပါဘူး။
ကျွိ………………….
ရထား စတင် လှိမ့်နေပါပြီ။ ရထား
တစီးလုံးမှာလည်း ခရီးသည်တွေက အပြည့်။ ကျမလိုက်လာတဲ့ အတွဲက အထူးတန်းကပါ။
အထူးတန်းဆိုလို့ ဘာတွေ ထူးလဲလို့ စဉ်းစားမိပြန်တော့လည်း ဆိုဖာ ညစ်ထေးထေး
နဲ့ အောက်က ဖော့တွေတောင် ပေါ်နေတဲ့ အခြေအနေလေးပဲ ထူးတာပါလား။။။
အော်…… ဒါလည်း ခုချိန်ထိ ဒီတိုင်းပါပဲလား။
သတိရသွားပြန်ပါပြီ။ တစ်ချိန်က ဒီခရီးကို သွားခဲ့တုန်းက သူ အကျီင်္ ဖြူဖြူလေး
ဝတ်လာတာလေ။ ထိုင်ခုံကို တစ်ရှုးနဲ့သုတ်လိုက်တော့ တစ်ရှုးဖြူဖြူလေးတောင်
အရောင်ပြောင်းသွားလို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးမိခဲ့ကြတယ်။
အော်… ဘယ်ဘက်ရင်အုံက နောက်တစ်ခါသတိပေးပြန်တယ်။။။။။။။ စူးကနဲပေါ့…………
ဒီလိုနဲ့ တစ်ဘူတာပြီး တစ်ဘူတာ မှန်မှန်ခုတ်မောင်းနေသလို ကျမကလည်း ရထားစည်းချက်သံနဲ့အညီ မှန်မှန်လေး ငိုက်မြည်းလာပါပြီ။
ကွမ်းယာရမယ် ကွမ်းယာ… ဆေးလိပ်…. ကွမ်းယာ
စမူဆာကြော်ပူပူလေးးးးးးးး စားကြအုန်းမလား…. စမူဆာ…………
ကဲ အပျင်းပြေ ၀ါးမယ် နေကြာစေ့… ချိုချဉ်…. မက်မန်းသီး………..
ရေသန့်တွေနော် ရေ… တစ်ဗူးမှ ၁၀၀ ပါ
ပြောင်းဖူးပြုတ် ပူပူလေး……… ပြောင်းဖူးပြုတ်……………
ကဲ….
အပျင်းပြေ ဗေဒင်လေးတွေ ၀ယ်ဖတ်မယ်နော်….. တနင်္လာသားက မိန်းမ ၂
ယောက်ရကိန်းရှိတယ်။။ သောကြာသမီးတွေ စုတ်ရော လာဘ်ရော ၀င်မယ်……….. တစ်စောင်မှ
၂၀၀ ပါ…….
တဖြေးဖြေးနဲ့ ဈေးသည်တွေ များလာသလို အလယ်မှာ
ရထားကြုံလိုက်တဲ့ မှော်ဘီ ဂျီတီစီကို ကျောင်းတက်မယ့် ကျောင်းသူ
ကျောင်းသားတွေ ကျောင်းဆရာမတွေနဲ့ ကျမတို့ရဲ့ အထူးတွဲလေးက စည်ကားနေပါတယ်။
နားလည်း မခံနိုင် မျက်စိလည်း မခံနိုင်အောင် ရှုပ်ယှက်ခတ် ဖြစ်နေပေမယ့်
ဒီဈေးသည်တွေကို ကျေးဇူးတင်နေမိပါတယ်။ ဘာလို့လဲဆိုတော့ ကျမ
ငိုက်နေတယ်ဆိုပေမယ့် တစ်ချိန်က အတူသွားဖူးတဲ့ ခရီးဖော်လေးကို သတိရနေပြီး
နာကျင်နေမှုကနေ လန့်နိုးသွားစေတဲ့အတွက်ပါ။ တစ်ခါတစ်လေ ပစ္စုပ္ပန်က
အကြောင်းတရားလေးတွေက အတိတ်ရဲ့ နာကျင်မှုဝေဒနာကို ယာယီဖယ်ရှင်းပေးနိုင်ပါတယ်
မဟုတ်ပါလား ။
ဒါပေမယ့်လည်း ယာယီဆိုတာ တဒင်္ဂပါပဲ ရင်ထဲမှာ
ထပ်ပြီး အမှတ်ရစရာလေးတစ်ခုက တိုးလိ့ဝင်လာပါတယ် ။ ကျမတို့ အတူသွားတုန်းက
ရှေ့မှာ ဦးလေးကြီး ၂ယောက် ထိုင်ပါတယ်။ သူတို့က ပုစွန်ကြော်ဝယ်တော့
တစ်ခုကို ၂၀၀ နဲ့ ၃ ခုကို ၅၀၀ ရအောင် ၀ိုင်းဆစ်ပေးလိုက်ပါသေးတယ်။ ပြီံးတော့
အဲ့ ဦးလေး ၂ ယောက်ထိုင်တဲ့ ထိုင်ခုံက ဆုံလည်လို တဖြေးဖြေး လည်ထွက်လာတော့
လည်း မပြုံးပဲ ၀ါးလုံးကွဲ ရယ်ကြပြန်တယ်လေ။ အော်…….. စူးကနဲပေါ့
ဘယ်ဘက်ရင်အုံရယ်………...`
ဒီလိုနဲ့ ပစ္စုပ္ပန်ကိုရောက်လိုက်
အတိတ်ကိုသတိရလို့ ရင်ထဲမှာ နာကျင်စူးရှမှုတွေ ခံစားလိုက်နဲ့ ခမုံဆိပ်ကို
နေ့လည် ၁၂ နာရီမှာ ရောက်ခဲ့ပါတယ်။ ကျမရဲ့ ကိစ္စ ၀ိစ္စတွေကို
ဆောင်ရွက်ပြီးတော့ သာရဝေါကနေ ပြန်ထွက်လာမယ့် အခုစီးလာတဲ့ ရထားနဲ့
ရန်ကုန်ကို ပြန်လိုက်ရမှာပါ။ ရန်ကုန်ပြန်ဖို့ ဘူတာမှာ ရထားစောင့်ရင်းနဲ့
အော်…. လာပြီးတော့လည်းတစ်ခါ လာရာလမ်းကို ပြန်ရမှာပါလားလို့ အတွေးတစ်ချက်
ဝင်လာမိပါသေးတယ်..
ရထား လာပြီဟေ့………….. ရထားလာပြီ
ညနေ ၄ နာရီကျော်မှာတော့ ဘူတာထဲကို ရထားဝင်လာပါပြီ။ ပုရွက်ဆိတ်အုံကို တုတ်နဲ့ထိုးလိုက်သလို လူတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။
ဟေးးးး မအေးရေ.. ဒီကိုလာ ဒီကို… ဒီအတွဲချောင်တယ်…
ဟဲ့ ပစ္စည်းတွေစုံပြီနော်…..
ပတ်ဝန်းကျင်လှုပ်ရှားမှု မျိုးစုံ အသံမျိုးစုံကြားက ကျမလည်း လှုပ်ရှားရပြီပေါ့။ အော်.. ဘ၀ရထားသီချင်းထဲက.. ရင်ဂိုပြောသလိုပါပဲ… သံသရာ ရထားကြီး တစ်စင်းထဲပေါ်………………………….
အပြန်ကျတော့ ကျမရဲ့အတွေးတွေက
ပိုလို့ဆိုးပါတယ်။ တစ်ချက်တစ်ချက် ယမ်းခါသွားတဲ့ ရထားအရှိန်ကြောင့် လူက ၆
လက်မလောက် မြောက်တက်သွားပါတယ်။ အခုလိုပဲ အဲ့ချိန်တုန်းကပေါ့ ရထားလမ်းကလည်း
ပြန်ပြင်ခါစဆိုတော့ ဇလီဖားတုန်းတွေက အသားမသေသေးပါဘူး။ အဲတော့
ရထားလမ်းတလျှောက် ရထားက ခုန်သလို ရထားစက်ခန်းက ရထားမောင်းနှင်သူကလည်း
လေယာဉ်မောင်းနေသလားလို့ ထင်ရလောက်အောင် အရှိန်က မြန်လှပါတယ်။။ အဲတော့
လူကတော့ မြှောက်တက်သွားချက်ကတော့ ပြောမပြတတ်အောင်ပါ။ ဒါပေမယ့်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အဲတာလေးကိုပဲ ပျော်ရွှင်စရာလေးအဖြစ်
အမှတ်ရစရာလေး ဖြစ်ခဲ့ရတာပါ။
သူစပ်ပြီး ပို့ခဲ့တဲ့ ကဗျာလေးထဲက တစ်ချို့ကိုတောင် သတိရမိသေးရဲ့ရှင်။
..သောကတွေ မေ့ ပီတိစိတ် နဲ့
ဒီ ခမုံဆိပ် က အပြန်
လမ်းမှန်မှန် နဲ့
မြန်မာ့ မီးရထား(မမ) အသံ
စည်းချက် နဲ့ တီးကွက်လို
ကျွတ်ကျွတ်ညံခဲ့.......................
ကျွန်တော့်ရင်ခွင်ထက်မှာ
ချစ်သူ က မှေးမှိတ် လိုက်ပါခဲ့
လမ်းတ၀က် မှာ ရမ်းထွက်သွားတဲ့
(မမ)ရဲ့ လှုပ်ခါမှု က
ကျွန်တော့်ချစ်သူကို
အသိနဲ့ နိုးစေခဲ့...................
အပြစ်မပုံတော့ ပါဘူး မမရယ်................
ဒီကဗျာလေးကို ရခဲ့တုန်းက အတိုင်းမသိ
ကြည်နူးစိတ်ကလေးကို သိမ်မွေ့စွာနဲ့ ခံစားခဲ့တာပါ…. အော် ခုတော့………. လည်း
ဒီကဗျာလေးတွေက စူးရှလွန်းတဲ့ အပ်သွားတစ်စင်းလိုပါပဲ…………….
အတိတ်ကို သတိတရ ဖြစ်နေချိန်မှာပဲ
တိုက်တိုက်ဆိုင်ဆိုင် ခရီးသည်တစ်ယောက် ဖွင့်ထားတဲ့ ကော်နီနဲ့ ဂရေဟမ်တို့
ဆိုတဲ့ ဘ၀ရထားသီချင်းလေးကြောင့် မျက်လုံးတွေေ၀၀ါးခဲ့ရပြန်ပါတယ်။ ဘ၀ဆိုတာ
ရထားတစ်စင်းကို စီးနင်းလိုက်ပါရသလိုပါပဲ ။ လာတဲ့လမ်းကိုပြန်ရတာချည်းပါပဲ ။
ဘူတာတွေဆိုတာ ခဏလေးရပ်နားတဲ့နေရာပါပဲ ။ ခရီးဖော်တွေဆိုတာကလည်း အချိန်တန်ရင်
လမ်းဆုံ တစ်ခုမှာ ခွဲခွာခဲ့ရတာပါပဲ လို ဆက်ပြီး အတွေးနယ်ကို
ဆန့်ထွက်ရင်းနဲ့-
ဘ၀ရထားတစ်စင်းမှာ ကျမတစ်ယောက်ထဲ ထီးထီး ဆက်သွားမိရင်းးးးးးးးးးးးး
သီချင်းလေးထဲမှာ အာရုံနစ်မျော ခံစားခဲ့ပါတော့တယ် ။
No comments:
Post a Comment