Sunday, December 9, 2012

☺☻☺အနာဂတ်ကောင်းကင်မိသားစု စုပေါင်းမဟာဘုံကထိန် ဓာတ်ပုံမှတ်တမ်း (၁) ☺☻☺

အနာဂတ်ကောင်းကင် အွန်လိုင်းမိသားစု ရဲ့ စုပေါင်းမဟာဘုံကထိန်ကို အနာဂတ်ကောင်းကင်မောင်နှမတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ (၂၈ - ၁၁ - ၂၀၁၂) နေ့က သန်လျင်မြို့နယ် ဆုတောင်းပြည့် ဘုန်းကြီးကျောင်း (တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အနာဂတ်မောင်နှမတွေရဲ့ စည်းလုံးမှုနဲ့  ငွေသားချည်း ပဒေသာပင်က ၂ ခု၊ ပစ္စည်း ပဒေသာပင်က ၃ ခု၊ ပဒေသာပင် စုစုပေါင်း ၅ ပင် ကို လှူဒါန်းနိုင်ခဲ့ပါတယ်။ အနာဂတ်ကောင်းကင်ရဲ့ စုပေါင်းမဟာဘုံကထိန်ကို မလိုက်ပါနိုင်တဲ့ မောင်နှမတွေအတွက် သာဓုခေါ်ဆိုနိုင်အောင် ဓာတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။
ဒါက ဒုန့်ရဲ့ ကိုယ်တိုင်လုပ် ဆိုင်းဘုတ်ပါ။ (၂၈-၁၁-၂၀၁၂)နေ့ ဘုံကထိန်အတွက် (၂၇-၁၁-၂၀၁၂) ညမှာ ခုလို ပြင်ဆင်ခဲ့ကြပါတယ်။
ရွှေရည် နဲ့ ထိုက်ထိုက်တို့ကလည်း လုပ်အားပေး ပါဝင်ကြပါတယ်။
ပေါ်ဦးသားနဲ့ ညကလေးနှင်းဆီ ချစ်ပန်းခိုင်ညီမလေး တို့ကလည်း ခုလို ပါဝင်ကြသေးတယ်။။။။။
ခင်ထားဝေနဲ့ လရိပ်တို့ကလည်း အခုလို.................

ပစ္စည်းပဒေသာပင်တွေ သီပြီးလို့ ခဏနားနေချိန်မှာ ချစ်ပန်းခိုင်တည်ခင်းတဲ့ ညစာကို အခုလို သုံးဆောင်ခဲ့ကြပါတယ်။
မန်း စားလို့ ပြီးပြန်တော့ အခုလို ဆက်ကြပြန်ပါတယ်...
အခု ပဒေသာပင်ကို လုပ်နေတဲ့အချိန်က မနက် ၅ နာရီထိုးနေပါပြီ။
ဒါကတော့ (၂၈-၁၁-၂၀၁၂) ရဲ့ မနက် ပြင်ဆင်မှုမှာ ဂနေးနဲ့ ကိုယ်ရံတော်တို့ပါ။။။
ဒါကတော့ ဆရာဘွတ်ရဲ့ ဘုံကထိန် စတိုင်.........
ဒါကတော့ လင်းခနဲ့ ဒုန့်

အဲလိုလေးပြီးတော့ သူတို့ သူတို့လေးတွေက ဒီလို ဒီလိုလေးးးးးးးးးးးးးးး
ကောင်မလေး၊ မမဂျင်ဂျာအေး၊ အစွယ်တို့ကလည်း အလှူကို တစ်တပ်တစ်အားပါဝင်ခဲ့ကြတယ်။။
ဒါကတော့ ချစ်ပန်းခိုင်နဲ့ ဂျယ်လီ........
ခင်ထားဝေရဲ့ စတိုင်...
ဒါကတော့ ဘုံကထိန်စတင်လှည့်ဖို့အတွက် အဆင်သင့်လေးပေါ့....
ချစ်ပန်းခိုင်တို့ လမ်းကနေ စတင်ထွက်ခွာလာပါပြီ..။ စတင်ထွက်လာတဲ့ အချိန်မှာ ချစ်ပန်းခိုင်တို့ လမ်းထဲက တာဝန်ရှိသူတွေရဲ့ အကူအညီကြောင့် ဓာတ်ကြိုးတွေကို မထိခိုက်ပဲ အောင်မြင်စွာ ထွက်လာနိုင်ခဲ့ပါတယ်။။။
ဒါကတော့ ချစ်ပန်းခိုင်တို့ လမ်းထဲကနေ မြန်မာ့ဂုဏ်ရည်လမ်းမကို ထွက်လာတဲ့ မြင်ကွင်းလေးပါ။။။ ကားရှုပ်ရှုပ် လူရှုပ်ရှုပ်မှာ အနာဂတ်က မောင်နှမတွေ မြန်မာ့ဂုဏ်ရည်လမ်းတစ်လျှောက် အလှူခံလာခဲ့တာ အလှူငွေ နှစ်သောင်း ရရှိခဲ့ပါတယ်။
ကျန်တဲ့ ဓာတ်ပုံတွေနဲ့ ဘုန်းကြီးကျောင်းက အလှူ ဓာတ်ပုံတွေကို ချစ်ပန်းခိုင်ကနေ နောက်ဆက်တွဲ ဆက်လက်တင်ပေးပါလိမ့်မယ်နော်။။ စောင့်မျှော် အားပေး သာဓုခေါ်ကြပါစို့နော်...
အနာဂတ်ကောင်းကင်မောင်နှမတွေရဲ့ စုပေါင်းမဟာဘုံကထိန် အလှူမှတ်တမ်း ဓာတ်ပုံတွေ ကြည့်ပြီး ပီတိတွေ တလှိုင်လှိုင်နဲ့ သာဓု ခေါ်ဆိုနိုင်ကြပါစေ...။

ချစ်ခြင်းအားဖြင့်
☺☻☺ ရိုးရိုးလေး ☺☻☺

<<<<< အသက်လို…တွယ် >>>>>

ကိုယ့်ဘာသာတွေး
ကိုယ့်ဘာသာငေး
ကိုယ့်ဇောကိုယ်ကပ်
မင်း..ချစ်မှချစ်ပါ့မလားပေါ့…။

မချစ်ချင်ပါဘူးကွယ်
လွမ်းရတာနဲ့မကာမိလို့….
ဘယ်လိုပဲမျက်ကွယ်ပြုပါစေ
ချစ်…..လိုက်…..တာ။

ပင်ကိုယ်အေး သူ့သဘာဝနဲ့
အနေဝေးတော့ သွေးအေးတယ်လို့ထင်ခဲ့ပုံက
နေထိပန်းလို ညှိုးနွမ်းခဲ့လို့
သူ့အချစ်တွေမမြင်ခဲ့ဘူးပေါ့….။

သူ့မေတ္တာ ရေစင်အေး
မှတ်ကျောက်ရယ် အတင်ခံတော့
ကိုယ့်မှာ ထပ်တူညီအလွမ်းတွေနဲ့
ချစ်လို့ရယ် ချစ်မှန်း မသိခဲ့ဘူး….
ကိုလွှမ်းမိုးကြီး လှိုင်းခတ်သံလို
ရင်မှာ တစ်ယောက်ထဲ ချစ်ခဲ့မိပြီပေါ့….။

ချစ်သူရေ…..
အရှေ့နဲ့အနောက်(နိုင်ငံ) ဝေးကွာနေတော့
စိုးထိတ် တိုးတိတ်နဲ့
ပြောမပြနိုင်အောင် လွမ်းနေတာကို
တို့ရဲ့ကိုယ်စား ခေါင်းအုံးလေးကပြောပြမယ်တဲ့။

အလွမ်းရယ်ပြေမလားလို့
မင်းဓာတ်ပုံခဏခဏထုတ်ကြည့်
တွတ်တွတ် တွတ်တွတ်ပြောနေပုံကို
စကားပြောတတ်ရင် နားညည်းလိုက်တာလို့
ဓာတ်ပုံလေးကပြောလိမ့်မယ်။

ကိုယ့်အီးမေးလေးဖွင့်လိုက်လို့
မင်း message လေးတွေ့တော့
ပြုံးတစ်မျက်နှာ နှလုံးထက်မှာ ပီတိထပ်လို့
ဂျီမေးလေးကပြောချင်တယ်တဲ့။

ရက်တွေကွယ်လွန် လတွေသေဆုံး နှစ်တွေမွေးဖွားခြင်းနဲ့အတူ
နီးရမယ်ဆိုတဲ့ရက် လက်ချိုးရေနေတာကို
ပြက္ခဒိန်လေးကပြောချင်တယ်။

မင်းကိုချစ်တာ အသက်ထက် ဆို
တွယ်တာ တာက အမြစ်နှယ် မို့
သစ္စာတော်စူးပါစေ့
ကိုယ်မချစ်ပြီ… မင်းကလွဲ၍။

(အဝေးတစ်နေရာမှ ချစ်သူသို့.........)


ချစ်ခြင်းအားဖြင့်
+++ ရိုးရိုးလေး +++

ပုံပြင်မဟုတ်ခဲ့ဘူး... အမေ


မာယာတွေများတဲ့ လောကကြီးလို့
သူများတွေပြောနေကြတာ
မယုံကြည်ခဲ့ဘူးအမေ….
ခုတော့……… ပုံပြင်မဟုတ်မှန်း သား သိခဲ့ပါပြီ။

တစ်ထွာဝမ်းရေးမို့
ကွာဝေးနေရတဲ့ အမေ့ရဲ့ သား….
နယ်မြေသစ်လေးတစ်ခုမှာ ပျော်မွေ့ခဲ့တယ်အမေ….
အချစ်ဆိုတဲ့ နယ်မြေသစ်လေးပေါ့………။

သူ့ကို ရင်နဲ့မဆန့်အောင် ချစ်ခဲ့တယ်…….
သူ့ဖြစ်ချင်တာတွေကို တတ်နိုင်တဲ့အားနဲ့ ဖြည့်ဆည်းပေးတယ်……..
သူ့ပေါ် ရိုးသားစွာ ချစ်ခဲ့… အပြစ်ဆို မြူတမှုန်တောင် မတင်ခဲ့ပါဘူး………
ဒါပေမယ့် သူ.. သူ… တန်ဖိုးမထားဘူး အမေ……။

တစ်ခါအမှားကို ခွင့်လွှတ် .. ယောင်လို့တောင် သူ့အမှားကို ထောက်မပြခဲ့ပါဘဲ
သား…. အရာရာကို ဖြည့်ဆည်းပေးခဲ့တယ်…
သူကလည်း ယုံကြည်ပါလို့ ကတိတွေ ထပ်ထပ် ပေးလို့ပေါ့… အမေ။

သား ကို တော်တယ်တဲ့…. ရိုးတဲ့ အ တဲ့နေရာမှာတဲ့………..
သူပြောဖူးတဲ့စကားလေးပါ အမေ……….
မြင်ရ ကြားရ သံသယရှိခဲ့ရင်တောင် ချစ်သူကို စိတ်မညစ်စေခဲ့ပါဘူး။
မှန်တာပြော သစ္စာပါအမေ…………
ဒါဟာ ရိုးတာ အတာ ဖြစ်သွားတယ်တဲ့လား……………

ပန်းသတင်းလေးတွေကို လေညှင်းလေးကဆောင်ပါတယ်……..
သား တစ်ဖက်နားနဲ့ ယုံခဲ့တာ မဟုတ်ခဲ့ဘူးအမေ…
သူ သား မေတ္တာစေတနာတွေကို မထီမဲ့မြင်ပြုခဲ့တယ်….။

သူ ….. အချစ်သစ်နဲ့တဲ့လေ…………
သူ့ကို ယုံကြည်မှုပေးခဲ့တာတွေက သူပြောသလို သား... ရိုး... အ... လို့ပေါ့နော်….
သူ့ကြောင့်ဒဏ်ရာရခဲ့ဖူးတဲ့ နှလုံးသား…. ဒီတစ်ကြိမ်မှာတော့ ရစရာမရှိခဲ့ပါဘူး ။….

သူ ပျော်ပါစေ အမေ… သား အဆုံးမဲ့ချစ်ခြင်းတွေနဲ့ ချစ်ခဲ့ပါတယ်………
သူ ပျော်ပါစေ… စိတ်ချမ်းသာပါစေ….. အေးချမ်းပါစေ………..

မာယာတွေများတဲ့ လောကကြီးလို့
သူများတွေပြောနေကြတာ
မယုံကြည်ခဲ့ဘူးအမေ….
ခုတော့……… ပုံပြင်မဟုတ်မှန်း သား သိခဲ့ပါပြီ။

☺☻☺ လရောင်ဆမ်းတဲ့ ဗူးသီးကြော် ☺☻☺

၁၅ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ ထမင်းစားသောက် ဆေးကြောသိမ်းဆည်းပြီး တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှ အမောထိုင်ဖြေရင်း အိမ်အနောက်ဖက်က ဖွင့်ထားတဲ့ တံခါးကနေ အပြင်ကို ငေးကြည့်လိုက်ပါတယ်။
ပြည်ပတစ်နေရာမှာ အလုပ်လုပ်နေတဲ့ ကျွန်မ၊ ဒီနေ့ပြီး နောက်နေ့ကို ဘာလုပ်ရမယ်ဆိုတာ ပုံသေနည်းတစ်ခုလို သိနေတဲ့ကျွန်မ၊ စက်ရုပ်တစ်ရုပ် လို ဖြစ်မှန်းမသိ ဖြစ်နေတဲ့ ကျွန်မ အလုပ်ချိန်ကတော့ မနက် ၉ နာရီကနေ ညနေ ၆ နာရီထိဖြစ်ပါတယ်။
ညနေအိမ်ပြန်ရောက်ရင် ထမင်းအိုးတည်ခဲ့ပြီး မနက်ဖြန်ထမင်းဘူးအတွက် ဈေးသွား၊  ဈေးကအပြန် မနက်စာအတွက် ပြင်ဆင်ရင်း စားသောက်ပြီးချိန်မှာတော့ ည ၉ နာရီ ထိုးလုပါပြီ။
ကောင်းကင်ရဲ့ အမှောင်ထုကို အံတုနေတဲ့ လခြမ်းကွေးလေးကို ငေးရင်း
ကျွန်မ ဖြတ်ကနဲ ပြက္ခဒိန်လေးကို ကြည့်လိုက်တော့ သီတင်းကျွတ်လဆန်း ၇ ရက်။
အော်…. ဘာလိုလိုနဲ့ သီတင်းတောင်ကျွတ်တော့မှာပါလား။ ဒီနှစ်တော့ အဖေတို့ အမေတို့ကို ကိုယ်တိုင်ကိုယ်ကျ ကန်တော့နိုင်ကောင်းပါရဲ့……………….. လို့ တွေးရင်းးးးးးးးးးးးးးးးးး ကျွန်မစိတ်က တစ်ခုသော သီတင်းကျွတ်လပြည့်ညဆီသို့……………………။



+ + + ၁ + + +

“ဟေ့… နက်ဖြန် လပြည့်ညဟ၊ မနက်က ဗူးစင် သွားကြည့်တာ ဗူးသီး ၂ လုံးတောင်ရနေပြီ၊ ငါ အမေ့မေးကြည့်တော့ အမေကလည်း ရပြီတဲ့၊ အဲတာ ဗူးသီကြော် ကြော်စားမယ်ဟာ…”
အိမ်ထဲက အလင်းရောင် မရောက်ပေမယ့် တဖြေးဖြေးဖြန့်ကျက်လာတဲ့ လရောင်အောက်က အိမ်ရှေ့ကွပ်ပျစ်လေးပေါ်မှာ ကျွန်မ ညီမလေးက အမေ့ပေါင်ပေါ်မှာ ခေါင်းအုံးလို့ ထမင်းဆီရစ်ရင်း လှမ်းပြောလိုက်တာပါ။
“မမလေး.. နင် ဆီစိုက်ဟာ.. ငါ ပါးစပ်စိုက်မယ်… ဟီး..ဟီး..”
“အမလေးနော် အကုန်အကျများနေပါ့မယ်.. ငါ့ထက် လစာများတဲ့သူက.. ကပ်စေးလာနဲနေသေးတယ်. နင်က အိမ်ကို တစ်ခါတစ်လေမှ လာတဲ့သူဆိုတော့ နင် ၀ယ်ပေါ့ဟ”
အဲ့အချိန်မှာ အမေ့ညီမ ကျွန်မအဒေါ်က ကျွန်မအမေကို
“မမရေ.. မမသမီး နှစ်ယောက်ကတော့ စားမယ်ဆိုတာကြီးပဲ.. ဟဲ့.. နင်တို့က နက်ဖြန် ငါ့ကို ဘာနဲ့ ကန်တော့မှာလဲ ပြော… ဗူးသီးကြော် ကြော်မယ့် ဆီဖိုး ငါပေးပါ့မယ်..”
”ဟေးးးးးးးးးးး မိုက်တယ်ကွာ.. တော်တော်က အပျိုကြီးဆိုတော့ ထွေထူးလိုဘူးလေလို့.. ဟီးးးးးး.. လက်အုပ်လေးချီပြီးကန်တော့မယ်လေ.. ခိခိ”
အဲ့ချိန် ကျွန်မအဒေါ်ရဲ့ မျက်စောင်းလေးက စိတ်ဆိုးလို့ထိုးတဲ့မျက်စောင်း မဟုတ်တော့ အရမ်းကို ချစ်ဖို့ကောင်းနေပါတယ်။
မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ဖြစ်လို့ ကျွန်မတို့တွေ မိဘတွေကို ကန်တော့ရအောင် အိမ်မှာ လူစုံတက်စုံ ရောက်နေကြတာပါ။ ကျွန်မတို့က ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ ကိုယ့်ခြံဝင်းလေးနဲ့ကိုယ် နေကြတာလေ၊ အိမ်လေးက ပျဉ်ထောင်အိမ်၊ မကျယ်မ၀န်းလေးပါ။ နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တိုင်းဆုံနေကြပေမယ့် ဒီနှစ်ကတော့ အိမ်မှာ ဗူးပင်စိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားပါတယ်။
ကျွန်မတို့က အဒေါ့်ကို တော်တော်လို့ခေါ်တယ်၊ တော်တော်နဲ့ ကျွန်မ ညီမလေးက မြို့ထဲမှာ အလုပ်လုပ်ကြတဲ့သူတွေဆိုတော့ မြို့ထဲမှာအတူတူ အိမ်ငှားနေကြပါတယ်။ မြို့ထဲနဲ့ ကျွန်မတို့ အိမ်ကလည်း ဝေးတယ်လေ၊ ကျွန်မ အစ်မက သူ့အိမ်ထောင်ထောင်နဲ့သူ၊ သူ့အိုး သူ့အိမ်နဲ့နေတာပါ။
အခုလို နေ့ကြီးရက်ကြီးတွေမှာသာ လူစုံတက်စုံ ရှိကြတာလေ။ အခု အိမ်မှာ   ကျွန်မအစ်မလင်မယားရယ်၊ ညီမလေးရယ်၊ အဒေါ်ရယ် လာကြတာဆိုတော့ ကျွန်မတို့အိမ်လေးမှာ လက်ပံပင် ဆက်ရက်ကျသလို တစ်ယောက်တစ်ပေါက်နဲ့ ဆူလို့ပေါ့ရှင်၊ ခါတိုင်းက အဖေ၊ အမေနဲ့ ကျွန်မပဲ အိမ်မှာရှိတာကိုး၊
“အမေ့… အချဉ်ရည်ကို ရှယ်ဖျော်နော်” ကျွန်မ ညီမ အစားပုတ်လေး ပြောတာပါ။
“အေးပါ နှစ်မျိုးဖျော်မယ်… အဖေကြီးက အချဉ်များတာ မကြိုက်ဘူးဆိုတော့ အဖေ့အကြိုက်က တစ်မျိုး… သမီးအကြိုက်ကတစ်မျိုး.. နှစ်မျိုး လုပ်မယ်လေ”
“ဟေးးးးးးးးး ဒါမှ တို့အမေကြီးကွ…. ရွှတ်”
ပြောပြောဆိုဆို အမေ့ပါးလေးကို ညီမလေးက နမ်းလိုက်တာပါ၊ အမေ့ရဲ့ ပြုံးပီတိလေးကို မသဲမကွဲ လရောင်အောက်မှာ သဲသဲကွဲကွဲ မြင်လိုက်ရပါတယ်။


+ + + ၂ + + +

ကျွန်မအဖေနဲ့ အမေက အပင်စိုက်တာ ၀ါသနာပါပါတယ်၊ အဖေကတော့ ဒိုင်ခံ ရေလောင်းပေါ့၊ အခုဗူးသီး သီးတဲ့အပင်လေးကို အမေက ဈေးထဲက ပျိုးပင်တွေရောင်းနေတာတွေ့လို့ ၀ယ်လာတယ်။ အဖေက ချက်ချင်းပဲ ၀ါးတွေဝယ်၊ စင်လေးထိုး၊ အပင်ရေလောင်းနဲ့ တဖြေးဖြေး ဗူးပင်လေးဟာ ဗူးသီး တစ်လုံးပြီးတစ်လုံး သီးလာတယ်လေ၊ အိမ်နီးနားချင်းတွေကိုဝေ၊ အိမ်မှာလဲ တစ်နေ့တစ်နေ့ ဗူးညွန့်ကြော်လိုက် ဗူးသီးကို အမျိုးမျိုး ချက်လိုက်နဲ့ အမေရေ ကြာရင် ဗူးသီးရုပ်လေးပေါက်တော့မယ်လို့ ပြောယူရတဲ့အထိပါ………။

@#@#@#@#@#@#@#@#@#@#

သီတင်းကျွတ်လပြည့်နေ့လေးကိုရောက်လာပါပြီ၊ မနက်စောစောထပြီး အိမ်ကဘုရားမှာ သစ်သီးဆွမ်းလေးကပ်၊ ပန်း ရေချမ်းတွေကပ်နဲ့ မေတ္တာပို့ အမျှဝေလို့ စိတ်နှလုံးကလည်း အင်မတန်မှ ကြည်မွေ့နေပါတယ်။
ဘုရားရှိခိုးပြီး ထလာတော့ အိမ်ရှေ့ခန်းမှာ အမေ့လက်ရာ ကော်ဖီဝိုင်းက အဆင်သင့်ပါ။ အမေကိုယ်တိုင်လုပ်တဲ့ ဆီထမင်း ပဲပြုတ်နဲ့ နှမ်းထောင်းဖွေးဖွေး အုန်းသီးဖွေးဖွေးကလည်း စားချင့်စဖွယ်ပါ။
ကြုံတုန်း ကြွားတဲ့ ကြုံကြွားလေးတစ်ခု ပြောရအုန်းမယ်။ ကျွန်မအမေ လုပ်တဲ့ ဆီထမင်းက မီးအေးအေးလေးနဲ့ နှပ်ထားလို့ ချိုးပါးပါးလေး တက်နေတဲ့ ဆီထမင်း ၀ါဝါ၀င်းလေးကို မြင်ရင် ဘယ်သူမှ မစားပဲ မနေနိုင်ကြပါဘူး။ အပြောမဟုတ်ပဲ လက်တွေ့ဆိုတာ အိမ်လာလည်ရင် သက်သေပြမယ်နော်…..
“ကဲ..ကဲ.. စမယ်.. ချော့ကလက်လေးတွေ တန်းစီ”
မိသားစုကော်ဖီဝိုင်းလေးပြီးတော့ ကျွန်မက အဖေတို့ကို ကန်တော့ဖို့အတွက် ဆော်သြ လိုက်တာပါ။
အသီးသီး ထိုင်နေရာကနေ ကန်တော့မယ့်ပစ္စည်းလေးတွေကိုင်ပြီး ရောက်လာကြပါတယ်။
“အန်ဥူး.. ဦးဥာဏ်ရေ… အမေတို့ကို ကန်တော့မယ်”
ကျမတို့ရဲ့အိမ်ဘေးမှာ နေတဲ့ အမေ့မောင် ကျွန်မရဲ့ ဦးလေးကို လှမ်းခေါ်လိုက်တာပါ။ ကျွန်မက အမြဲတန်း ကျွန်မဦးလေးတွေကို နံမည်အတည့်မခေါ်ပါဘူး၊ အော်ကျူး ဦးကျော်၊ အာသူး ဦးသာ စသဖြင့် အဲလိုအမြဲခေါ်နေကြလေ၊ အဲ့ဒီ ဦးဥာဏ်က သူ့မိသားစုနဲ့အတူ အိမ်ဘေးကခြံမှာ နေတာပါ။
“လာပြီ အန်တီလေးရေ.. လာပြီ.. သားအတွက် မုန့်ဖိုးများများနော်..”
“ရတယ်.. ရတယ်.. အုပ်လိုက်ပေးမှာ.. ကျပ်တန် အုပ်တွေ စုထားတယ်”
“ အာ……….. အန်တီလေးနော်..”
ခုနက ကျမပြောတဲ့ ဦးလေးရဲ့တစ်ဦးတည်းသောသားက ကျွန်မကို လှမ်းပြောလိုက်တာပါ။
ကျွန်မ အဖေနဲ့ အမေက နှစ်ယောက်ထိုင်ကုလားထိုင်မှာ နေရာယူနေကြပါပြီ။ ကျွန်မတို့တွေ လည်း အားလုံး လက်အုပ်လေးတွေချီလို့ ဦးချကန်တော့လိုက်ပါတယ်။ အဖေနဲ့ အမေက ဆုတွေပေးလို့…………..
“ကဲ.. ရပြီလေ.. ထကြတော့လေ” အမေကပြောလိုက်တာပါ. ရယ်ရင်းနဲ့လေ.. ဘာလို့မထသေးလဲ သိတယ်ဟုတ်…
“ပြီးသေးဘူးလေ… မေကြီးရဲ့… ” ကျွန်မအစ်မက ပြောပြောဆိုဆို လက်ဝါးလေး ဖြန့်လိုက် ပါတယ်။
ကျွန်မအမေက ပြုံးပြုံး ပြုံးပြုံးနဲ့ ရော့… ရော့ ဆိုပြီး တစ်ယောက်ချင်းစီကို မုန့်ဖိုးပေးပါတယ်။ ကျမ တစ်ဝမ်းကွဲမောင်လေးအလှည့်ရောက်တော့
“ အာ.. ကြီးကြီးနော်…. ဟီး” ဆိုပြီး လှမ်းအော်လိုက်လို့ ကျွန်မကြည့်လိုက်တော့ အမေလေ.. ပိုက်ဆံကိုင်ထားတဲ့ လက်လေးချောင်းကို အသာဝှက်လိုက်ပြီး လက်ညှိုးလေး တစ်ချောင်းကို ကျွန်မမောင်လေး လက်ထဲကို ထည့်ပေးလိုက်တာပါ…
“ ဟား…ဟား..ဟား”
ရယ်သံတွေကတော့ ဟိန်းကနဲ ထွက်သွားလိုက်တာ လမ်းပေါ်ကလူတွေတောင် ကြည့်လို့……….။


+ + + ၃  + + +

ဒီလိုနဲ့ ညနေစောင်းလေးရောက်လို့ ဗူးသီးကြော်ဖို့အတွက် ခြံထဲမှာ ပြင်ဆင်ကြပြီပေါ့ရှင်၊ မီးဖိုထုတ်တဲ့သူကထုတ်၊ အစာပလာ နယ်တဲ့သူကနယ်၊ ဗူးသီးစိတ်တဲ့သူကစိတ်နဲ့ တဖြေးဖြေး မှောင်လာတဲ့အချိန်တစ်ပြိုင်နက်တည်းမှာပဲ လမင်းကြီးကတော့ တဖြေးဖြေး မှိန်ရာကနေ လင်းလာလိုက်တာ တစ်ခြံလုံးကို လရောင်တွေဖြာကျလို့နေပါပြီ။ အေးမြတဲ့ လရိပ် အရသာကို ခံစားရအောင်ဆိုပြီး တစ်အိမ်လုံးကို မီးတွေပိတ်ထားတယ်လေ။
 ကျွန်မ အစ်မကလည်း ဗူးသီးကြော်ကို စကြော်ပါပြီ၊ ပထမကြော်စမှာတော့ အမြည်းအမြည်းဆိုပြီး အိုးနားကနေ မထကြတဲ့ ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို အစ်မက
“အမေရေ… ဒီညီအစ်မနှစ်ယောက်ကို ခေါ်ထား… နို့မို့ အမေ့ဗူးပင်က ဗူးသီးတွေကုန်လိမ့်မယ်”
ဟီး..ဟီးးး..ဟီးးးးးးးး ကျမတို့ ညီအစ်မနှစ်ယောက်ကလည်း အဲတော့မှ ရှက်ရှက်နဲ့ အကြော်အိုးနားကနေ ခွာလိုက်ပြီးတော့ ဗူးသီးကြော် ပူပူလေးတွေကို အိမ်ရှေ့မှာစောင့်နေတဲ့ ၀ိုင်းဆီကို သယ်သွားပါတော့တယ်…..
အိမ်ရှေ့ကွပ်ပျစ်မှာတော့ လူကြီးတွေဝိုင်းလို့ .. ဘေးမှာ ဓာတ်ဗူးတွေချလို့… အချဉ်ရေခွက်တွေနဲ့ အဖန်ရေ ပူပူ ခါးခါးလေးနဲ့ စောင့်နေကြတာပါ… အိမ်ရှေ့မှာ ဖယောင်းတိုင်တွေကလည်း ထွန်းထား၊ လရောင်ကလည်း ထိန်ထိန်သာနေတာဆိုတော့ အေးချမ်းလိုက်ပုံများ…. လရောင်ရဲ့ အေးမြမှုအရသာကို ပြည့်ပြည့်၀၀ ခံစားလိုက်ရတာ.. ကျွန်မရဲ့ မမေ့နိုင်တဲ့ နေ့လေးတွေထဲက ရက်လေးတစ်ရက်ပေါ့……
“ အမလေး ကောင်းလိုက်တာ.. အမေ့အချဉ်ရည်ကလည်း ကောင်း.. အကြော်သည်လေးကလည်း တော်ဆိုတော့.. မမရေ… နင့်အတွက် မကျန်တော့ဘူးဟ”
“အယ်… သမီးအတွက်လည်း ချန်ထားအုန်းနော်.. ဒီအကြော်သည် မစားရ အညှော်ခံ ဆိုသလို ဖြစ်နေမယ်”
“ခိခိ… မမရေ .. ကြော်ပြီးရင်… အိုးသာ တန်းဆေးလိုက်တော့ … ကျန်တော့ဘူး”
“အေးပါ… အေးပါ.. လုပ်ထား..လုပ်ထား”
“ဟ.. ဗူးသီးကြော်က တကယ်ကောင်းတာ… လရောင်ဆမ်းထားလို့လားမသိဘူး… ဟားဟား”
“အမယ်မယ်… ငါ့လက်ရာကောင်းလို့ ကောင်းတာ”
“ဟုတ်ပါတယ်… ဟုတ်ပါတယ်”
ကျမအစ်မနဲ့ ညီမ ပြောနေကြတာပါ…
တကယ်ပါ… အဲ့ညက လရောင်ဆမ်းတဲ့ ဗူးသီးကြော်ရဲ့ အရသာဟာ ဘာအရသာမှ လိုက်မမီအောင်ကို ကောင်းတာပါရှင်….
အော်….. ဒါတွေက ကြာခဲ့ပြီပေါ့ရှင်… မကြာခင်ရက်ပိုင်းမှာ သီတင်းကျွတ်လပြည့် ရောက်ပြန်အုံးမပေါ့…. အဝေးတစ်နေရာကနေ လရောင်ဆမ်းတဲ့ ဗူးသီးကြော်လေးကို ကျွန်မ လွမ်းဆွတ် တမ်းတလျှက်ပါ………
လွမ်းတယ်ကွယ်………………………
ဒီတစ်နှစ်မှာတော့ ကိုယ်တိုင်ကိုယ်ကျ အရောက်လှမ်းလို့ ဖေ နဲ့ မေကို ဦးချကန်တော့နိုင်ပြီ ထင်ပါရဲ့။။။။။။။။ ဒါပေမယ့် လရောင်ဆမ်းတဲ့ ဗူးသီးကြော်ကတော့…………………

.

\^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v/

ချစ်ခြင်းအားဖြင့်

☺☻☺ ရိုးရိုးလေး ☺☻☺

ဘ၀ရထား

ဘော်…… ဘူ…. ဘော်………………………..

ရထားဥသြဆွဲသံကို ကြားလိုက်မှ တောင်စဉ်ရေမရလွင့်ပျံ့နေတဲ့ ကျမအတွေးတွေက ရထားထွက်တော့မှာပါလားလို့ အသိလေးတစ်ချက် ကပ်မိပါတော့တယ်။

အရာရာကို ကြိုတင်စီစဉ်တတ်သူ ၊ ဆန္ဒစောတတ်သူ ကျမ ဘူတာရုံထဲကို မနက် ၅ နာရီခွဲမှာ ရောက်ခဲ့ပါတယ်။ကျမ သွားမယ့် ရန်ကုန် - သာရဝေါ ရထားက ၆ နာရီ ၁၅ မိနစ်မှာ ထွက်မှာပါ။ အချိန်စောရောက်နေတာဆိုတော့ နံနက်စောစော အချိန်မှာ ဘူတာရုံထဲက ဘ၀အထွေထွေကို ငေးမောကြည့်နေမိပါတယ်။

ထူးခြားတာလေးတစ်ခုကတော့ လက်မှတ်တန်းစီဝယ်နေတာကို သတိထားမိပါတယ်။ အရင်ဆို လက်မှတ်ဝယ်ချိန်မှာ အမျိုးမျိုးသော အော်ဟစ်သံတွေကို နံနက်ချိန်ခါ တေးသံသာအဖြစ် ကြားနေရတာပါ။ ဘာကြောင့်လဲလို့ စဉ်းစာအဖြေရှားကြည့်လိုက်တော့ အော်…….. လက်မှတ်ခတွေ ဈေးတက်သွားတာကိုးးးးးးးးးးးးး။

မှောင်နေတဲ့ ကောင်းကင်ယံရဲ့ အရှေ့ဖက် မိုးကုတ်စက်ဝန်းမှာ နေမင်းကြီးကလည်း လင်းရောင်ပျို့လို့ ထွက်ပြူစပါလာခဲ့ပါပြီ ။
စူထွက်ပေါ်လာတဲ့ နေမင်းကြီးက လောကကြီးတစ်ခုလုံးကို လှန့်နှိုးလိုက်လေရောသလား ။ အလင်းရောင်နဲ့အတူ့ ဘူတာရုံကြီးလည်း ပိုပြီး လှုပ်ရှား အသက်ဝင်လာပါပြီ။ ဘူတာဝန်းကျင်မှာ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ကျင်လည်ကျက်စားလှုပ်ရှား နေရတဲ့လူအမျိုးမျိုး စရိုက်အထွေထွေရဲ့ ဘ၀ပုံရိပ်များ အသံများကလည်း ကျမရဲ့ အမြင်အာရုံ ၊ အကြားအာရုံတွေထဲကို ယှဉ်ပြိုင်တိုးဝင်လာခဲ့ပါပြီပေါ့ ။

`စပျစ်သီးတွေ ..စပျစ်သီးတွေ… တစ်ဆယ်သားကို ၁၀၀ ပါ…
အိမ်ပြန်လက်ဆောင်လေးတွေနော်..`

ကဲ… တွေးမနေနဲ့… ငေးမနေကြပါနဲ့…. သားသားမီးမီး ဖိုးဖိုးဖွားဖွားတို့အတွက် သကြားလုံးတွေနော်

စံပယ်ပန်း စံပယ်ပန်း

ကောက်ညှင်းပေါင်း ပူပူလေးတွေနော်… ကောက်ညှင်းပေါင်း

ဟဲ့ ဒီမှာ ထိုင်ခုံ တွေ့ပြီ တွေ့ပြီ…..

အမျိုးမျိုးသောအသံလေးတွေက ဘူတာဝန်းကျင်မှာ ပျံ့လွင့်နေတော့ ကျမလည်း -
အော် ….. တစ်နေ့တာဘ၀ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ လှုပ်ရှားနေရတဲ့ သူတို့လေးတွေကို ကြည့်ရင်း ကျမ သက်ပြင်းမောလေးချလိုက်မိပါတယ်။။။
တစ်ဆက်ထဲမှာပဲ...............
အော် ငါလည်း ဘ၀ ရထား ပေါ်ရောက်နေတာပဲလေလို့ တွေးနေတုန်း လဘက်ရည်ဆိုင်က သဲ့သဲ့လေး ပျံ့လွင့်လာတဲ့သီချင်းလေးတပုဒ် ကြောင့် ဘယ်ဘက်ရင်အုံက စူးကနဲ နာကျင်မှုကို ခံစားလိုက်ရပါတယ်။

တို့နှစ်ယောက် စီးနင်းလာတဲ့…. ဘ၀ရထားပေါ်ဝယ်….. ခုတော့လည်း… အလွမ်းများနဲ့…..

ဘော်…….. ဘူ………………. ဘော်……………

အော်… ရထားလည်း ဥသြဆွဲပြီ။ ဘ၀ရထားလည်း ဒီတစ်နေ့တာအတွက် စတင်ထွက်ခွာတော့မှာပါလား………………….. တွေးရင်းတွေးရင်းးးးးးးးးးးးးးးးးးးးးးးးး

မဝေးသေးသော အတိတ်ကာလတစ်ခုကို ကျမပြန်ရောက်သွားခဲ့ပါတယ် ။
အော် ကြာတော့လည်း မကြာသေးပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ.........
ဒီခရီးစဉ်လေးကို ဒီဘူတာကနေ ဒီလိုရထားလေးနဲု့ တစ်ချိန်က ချစ်သူနှစ်ဦး အတူ သွားဖူးခဲ့ကြတယ်။

စကားတွေဖောင်ဖွဲ့ရင်း အချိန်တွေကို ကြည်မွေ့ပျော်ရွှင်စွာ ကုန်လွန်စေခဲ့တယ်။

ကျမသွားမှာက သာရဝေါမရောက်ခင် ခမုံဆိပ်။ ရန်ကုန်ကနေဆိုရင် နေ့တ၀က်တိတိ စီးရတဲ့ခရီးပါ။ ဒီခရီးကို ရထားလမ်းနဲ့ပဲ သွားလို့ရတာပါ။ ဘာလို့များ ကားလမ်း အခုထိ မပေါက်သေးပါလိမ့်လို့ စဉ်းစားမိတိုင်းလည်း ခုထိအဖြေမရခဲ့ပါဘူး။

ကျွိ………………….

ရထား စတင် လှိမ့်နေပါပြီ။ ရထား တစီးလုံးမှာလည်း ခရီးသည်တွေက အပြည့်။ ကျမလိုက်လာတဲ့ အတွဲက အထူးတန်းကပါ။ အထူးတန်းဆိုလို့ ဘာတွေ ထူးလဲလို့ စဉ်းစားမိပြန်တော့လည်း ဆိုဖာ ညစ်ထေးထေး နဲ့ အောက်က ဖော့တွေတောင် ပေါ်နေတဲ့ အခြေအနေလေးပဲ ထူးတာပါလား။။။

အော်…… ဒါလည်း ခုချိန်ထိ ဒီတိုင်းပါပဲလား။ သတိရသွားပြန်ပါပြီ။ တစ်ချိန်က ဒီခရီးကို သွားခဲ့တုန်းက သူ အကျီင်္ ဖြူဖြူလေး ၀တ်လာတာလေ။ ထိုင်ခုံကို တစ်ရှုးနဲ့သုတ်လိုက်တော့ တစ်ရှုးဖြူဖြူလေးတောင် အရောင်ပြောင်းသွားလို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးမိခဲ့ကြတယ်။

အော်… ဘယ်ဘက်ရင်အုံက နောက်တစ်ခါသတိပေးပြန်တယ်။။။။။။။ စူးကနဲပေါ့…………

ဒီလိုနဲ့ တစ်ဘူတာပြီး တစ်ဘူတာ မှန်မှန်ခုတ်မောင်းနေသလို ကျမကလည်း ရထားစည်းချက်သံနဲ့အညီ မှန်မှန်လေး ငိုက်မြည်းလာပါပြီ။

ကွမ်းယာရမယ် ကွမ်းယာ… ဆေးလိပ်…. ကွမ်းယာ

စမူဆာကြော်ပူပူလေးးးးးးးး စားကြအုန်းမလား…. စမူဆာ…………

ကဲ အပျင်းပြေ ၀ါးမယ် နေကြာစေ့… ချိုချဉ်…. မက်မန်းသီး………..

ရေသန့်တွေနော် ရေ… တစ်ဗူးမှ ၁၀၀ ပါ

ပြောင်းဖူးပြုတ် ပူပူလေး……… ပြောင်းဖူးပြုတ်……………

ကဲ…. အပျင်းပြေ ဗေဒင်လေးတွေ ၀ယ်ဖတ်မယ်နော်….. တနင်္လာသားက မိန်းမ ၂ ယောက်ရကိန်းရှိတယ်။။ သောကြာသမီးတွေ စုတ်ရော လာဘ်ရော ၀င်မယ်……….. တစ်စောင်မှ ၂၀၀ ပါ…….

တဖြေးဖြေးနဲ့ ဈေးသည်တွေ များလာသလို အလယ်မှာ ရထားကြုံလိုက်တဲ့ မှော်ဘီ ဂျီတီစီကို ကျောင်းတက်မယ့် ကျောင်းသူ ကျောင်းသားတွေ ကျောင်းဆရာမတွေနဲ့ ကျမတို့ရဲ့ အထူးတွဲလေးက စည်ကားနေပါတယ်။ နားလည်း မခံနိုင် မျက်စိလည်း မခံနိုင်အောင် ရှုပ်ယှက်ခတ် ဖြစ်နေပေမယ့် ဒီဈေးသည်တွေကို ကျေးဇူးတင်နေမိပါတယ်။ ဘာလို့လဲဆိုတော့ ကျမ ငိုက်နေတယ်ဆိုပေမယ့် တစ်ချိန်က အတူသွားဖူးတဲ့ ခရီးဖော်လေးကို သတိရနေပြီး နာကျင်နေမှုကနေ လန့်နိုးသွားစေတဲ့အတွက်ပါ။ တစ်ခါတစ်လေ ပစ္စုပ္ပန်က အကြောင်းတရားလေးတွေက အတိတ်ရဲ့ နာကျင်မှုဝေဒနာကို ယာယီဖယ်ရှင်းပေးနိုင်ပါတယ် မဟုတ်ပါလား ။

ဒါပေမယ့်လည်း ယာယီဆိုတာ တဒင်္ဂပါပဲ ရင်ထဲမှာ ထပ်ပြီး အမှတ်ရစရာလေးတစ်ခုက တိုးလိ့ဝင်လာပါတယ် ။ ကျမတို့ အတူသွားတုန်းက ရှေ့မှာ ဦးလေးကြီး ၂ယောက် ထိုင်ပါတယ်။ သူတို့က ပုစွန်ကြော်ဝယ်တော့ တစ်ခုကို ၂၀၀ နဲ့ ၃ ခုကို ၅၀၀ ရအောင် ၀ိုင်းဆစ်ပေးလိုက်ပါသေးတယ်။ ပြီံးတော့ အဲ့ ဦးလေး ၂ ယောက်ထိုင်တဲ့ ထိုင်ခုံက ဆုံလည်လို တဖြေးဖြေး လည်ထွက်လာတော့ လည်း မပြုံးပဲ ၀ါးလုံးကွဲ ရယ်ကြပြန်တယ်လေ။ အော်…….. စူးကနဲပေါ့ ဘယ်ဘက်ရင်အုံရယ်………...`

ဒီလိုနဲ့ ပစ္စုပ္ပန်ကိုရောက်လိုက် အတိတ်ကိုသတိရလို့ ရင်ထဲမှာ နာကျင်စူးရှမှုတွေ ခံစားလိုက်နဲ့ ခမုံဆိပ်ကို နေ့လည် ၁၂ နာရီမှာ ရောက်ခဲ့ပါတယ်။ ကျမရဲ့ ကိစ္စ ၀ိစ္စတွေကို ဆောင်ရွက်ပြီးတော့ သာရဝေါကနေ ပြန်ထွက်လာမယ့် အခုစီးလာတဲ့ ရထားနဲ့ ရန်ကုန်ကို ပြန်လိုက်ရမှာပါ။ ရန်ကုန်ပြန်ဖို့ ဘူတာမှာ ရထားစောင့်ရင်းနဲ့ အော်…. လာပြီးတော့လည်းတစ်ခါ လာရာလမ်းကို ပြန်ရမှာပါလားလို့ အတွေးတစ်ချက် ၀င်လာမိပါသေးတယ်..

ရထား လာပြီဟေ့………….. ရထားလာပြီ

ညနေ ၄ နာရီကျော်မှာတော့ ဘူတာထဲကို ရထားဝင်လာပါပြီ။ ပုရွက်ဆိတ်အုံကို တုတ်နဲ့ထိုးလိုက်သလို လူတွေလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။

ဟေးးးး မအေးရေ.. ဒီကိုလာ ဒီကို… ဒီအတွဲချောင်တယ်…
ဟဲ့ ပစ္စည်းတွေစုံပြီနော်…..

ပတ်ဝန်းကျင်လှုပ်ရှားမှု မျိုးစုံ အသံမျိုးစုံကြားက ကျမလည်း လှုပ်ရှားရပြီပေါ့။ အော်.. ဘ၀ရထားသီချင်းထဲက.. ရင်ဂိုပြောသလိုပါပဲ… သံသရာ ရထားကြီး တစ်စင်းထဲပေါ်………………………….

အပြန်ကျတော့ ကျမရဲ့အတွေးတွေက ပိုလို့ဆိုးပါတယ်။ တစ်ချက်တစ်ချက် ယမ်းခါသွားတဲ့ ရထားအရှိန်ကြောင့် လူက ၆ လက်မလောက် မြောက်တက်သွားပါတယ်။ အခုလိုပဲ အဲ့ချိန်တုန်းကပေါ့ ရထားလမ်းကလည်း ပြန်ပြင်ခါစဆိုတော့ ဇလီဖားတုန်းတွေက အသားမသေသေးပါဘူး။ အဲတော့ ရထားလမ်းတလျှောက် ရထားက ခုန်သလို  ရထားစက်ခန်းက ရထားမောင်းနှင်သူကလည်း လေယာဉ်မောင်းနေသလားလို့ ထင်ရလောက်အောင် အရှိန်က မြန်လှပါတယ်။။ အဲတော့ လူကတော့ မြှောက်တက်သွားချက်ကတော့ ပြောမပြတတ်အောင်ပါ။ ဒါပေမယ့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အဲတာလေးကိုပဲ ပျော်ရွှင်စရာလေးအဖြစ် အမှတ်ရစရာလေး ဖြစ်ခဲ့ရတာပါ။

သူစပ်ပြီး ပို့ခဲ့တဲ့ ကဗျာလေးထဲက တစ်ချို့ကိုတောင် သတိရမိသေးရဲ့ရှင်။

..သောကတွေ မေ့ ပီတိစိတ် နဲ့
ဒီ ခမုံဆိပ် က အပြန်
လမ်းမှန်မှန် နဲ့
မြန်မာ့ မီးရထား(မမ) အသံ
စည်းချက် နဲ့ တီးကွက်လို
ကျွတ်ကျွတ်ညံခဲ့.......................
ကျွန်တော့်ရင်ခွင်ထက်မှာ
ချစ်သူ က မှေးမှိတ် လိုက်ပါခဲ့
လမ်းတ၀က် မှာ  ရမ်းထွက်သွားတဲ့
(မမ)ရဲ့  လှုပ်ခါမှု က
ကျွန်တော့်ချစ်သူကို
အသိနဲ့  နိုးစေခဲ့...................
အပြစ်မပုံတော့ ပါဘူး မမရယ်................

ဒီကဗျာလေးကို ရခဲ့တုန်းက အတိုင်းမသိ ကြည်နူးစိတ်ကလေးကို သိမ်မွေ့စွာနဲ့ ခံစားခဲ့တာပါ…. အော် ခုတော့………. လည်း ဒီကဗျာလေးတွေက စူးရှလွန်းတဲ့ အပ်သွားတစ်စင်းလိုပါပဲ…………….

အတိတ်ကို သတိတရ ဖြစ်နေချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ခရီးသည်တစ်ယောက် ဖွင့်ထားတဲ့ ကော်နီနဲ့ ဂရေဟမ်တို့ ဆိုတဲ့ ဘ၀ရထားသီချင်းလေးကြောင့် မျက်လုံးတွေေ၀၀ါးခဲ့ရပြန်ပါတယ်။ ဘ၀ဆိုတာ ရထားတစ်စင်းကို စီးနင်းလိုက်ပါရသလိုပါပဲ ။ လာတဲ့လမ်းကိုပြန်ရတာချည်းပါပဲ ။ ဘူတာတွေဆိုတာ ခဏလေးရပ်နားတဲ့နေရာပါပဲ ။ ခရီးဖော်တွေဆိုတာကလည်း အချိန်တန်ရင် လမ်းဆုံ တစ်ခုမှာ ခွဲခွာခဲ့ရတာပါပဲ လို ဆက်ပြီး အတွေးနယ်ကို ဆန့်ထွက်ရင်းနဲ့-

ဘ၀ရထားတစ်စင်းမှာ ကျမတစ်ယောက်ထဲ ထီးထီး ဆက်သွားမိရင်းးးးးးးးးးးးး
သီချင်းလေးထဲမှာ အာရုံနစ်မျော ခံစားခဲ့ပါတော့တယ် ။

Thursday, February 16, 2012

ခြွေရက်တဲ့… နွေရက်လား

ဥသြ…. ဥသြ… ဥသြ
“ဟင်းးးးး ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်တော့မှာပဲ”
ကျွန်မ အိမ်ပြတင်းပေါက်ဝကနေ လွမ်းသီငှက်လေးရဲ့ အသံလာရာဆီကို မှန်းဆရင်း အိမ်ရှေ့ကို လှမ်းကြည့်လိုက်ပါတယ်။ နွေလေပူရဲ့ လေအဝှေ့မှာ ရွက်ဟောင်းတွေ တဖြုတ်ဖြုတ်ကြွေကျလို့ အရိုးပြိုင်းပြိုင်းထနေတဲ့ ဗန်ဒါပင်ကို ကြည့်ရင်း အလွမ်းတွေပိုရပြီပေါ့။
ဒီလိုအချိန်ပေါ့။ သူဆိုတဲ့ မောင်နဲ့ ကျမတို့ အမှတ်မထင် တွေ့ဆုံခဲ့ပြီး မှတ်မှတ်ထင်ထင် ခွဲခွာခဲ့ကြရတာ ဒီရာသီလေးမှာပေါ့……………………။
 (၁)
“ကိုမျိုးဇော်.. ကျွန်မ ဈေးမှာဆင်းမယ်နော်”
“ရတယ် အစ်မ.. ကြိုက်တဲ့နေရာပြော…စိတ်ချမ်းသာစေရမယ်”
ကျွန်မ က အစိုးရရုံးဝန်ထမ်းတစ်ဦးလေ။ ဒီနေ့က လခထုတ်ရက်ဆိုတော့ ဈေးဝင်ပြီး အိမ်က အဖေတို့အတွက် စားစရာ တစ်ခုခုဝယ်ရင်း ထီထိုးမယ်ဆိုတဲ့ စိတ်ကူးနဲ့ စီးလာတဲ့ ရုံးဖယ်ရီကားက ကားသမားကို လှမ်းပြောလိုက်တာပါ။
“ရပြီ.. ရပြီ.. ကိုမျိုးဇော်… ကျွန်မ ဒီမှာပဲဆင်းတော့မယ်” လို့
ပြောပြီး မြောက်ဥက္ကလာ “ဈ” ဈေးမှာ ကျွန်မ ဆင်းလိုက်ပါတယ်။
ဈေးထဲရောက်တော့ အိမ်မှာ ကုန်နေပြီဖြစ်တဲ့ ဆပ်ပြာမှုန့်ကအစ တခြားလိုအပ်တဲ့ ပစ္စည်းလေးတွေရယ် ကျွန်မအဖေနဲ့ အမေအတွက် စားစရာတွေရယ် ၀ယ်ပြီး ကျွန်မ ဘတ်စ်ကားမှတ်တိုင်ကို လာခဲ့ပါတယ်။ မှတ်တိုင်ရောက်လို့ ထီဆိုင်ကို လှမ်းမြင်တော့ ထီဝင်ထိုးလိုက်ပါတယ်။ ထီဖိုး ပိုက်ဆံရှင်းမယ်လုပ်တော့ အပြင်မှာ ဈေးဝယ်ဖို့ အလွယ်တကူ ထုတ်ထားတဲ့ ပိုက်ဆံက ကုန်သွားပြီလေ။
အဲဒီတော့ ကျွန်မလည်း ကျွန်မရဲ့ချွေးနဲစာ တစ်လစာလုပ်အားခထဲက ဈေးဝယ်ပြီး ကျန်တဲ့ပိုက်ဆံကို ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး ပိုက်ဆံရှင်းလိုက်ပါတယ်။ ထီဆိုင်ကထွက်လာတော့ ကျွန်မစီးရမယ့် မီနီဘတ်စ်ကား လာနေတာမို့ ချက်ချင်း တက်လိုက်ခဲ့ပါတယ်။
ကားပေါ်ရောက်တော့ ရာသီကလည်း ပူတာမို့ ကားရှေ့နားအပေါက်နားမှာပဲ ကျွန်မရပ်နေတာပေါ့။ ရှေ့တစ်မှတ်တိုင်ရောက်လို့ လူတွေ ကျွန်မကို တိုးကြိတ်ပြီးဆင်းတော့ ကျွန်မကိုင်ထားတဲ့ ဆွဲခြင်းလေးဟာ လူတွေကြားထဲမှာ ညှပ်ပါသွားခဲ့တယ်။ ကျွန်မကလည်း လူတွေလည်းအဲလောက်မကြပ်ပဲနဲ့ ဘာလို့တိုးကြိတ်နေပါလိမ့်လို့ စဉ်းစားရင်း ခေါင်းထဲမှာ လက်ကနဲဖြစ်ပြီး အရင်တစ်ခါ အဲလိုပုံစံမျိုးနဲ့ ခါးပိုက်နှိုက်ခံခဲ့ရတာကို သတိရတော့ ခြင်းတောင်းကို အတင်းပြန်ဆွဲလိုက်ပေမယ့် ဆွဲခြင်းလေးထဲမှာ ပိုက်ဆံအိတ်ရယ် ကျွန်မရုံးမှာ တက်နေတဲ့ အဘိဓမ္မာသင်တန်းရဲ့ မှတ်စုစာအုပ်လေးရယ် ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်လေး မရှိတော့ပါဘူး။ ဒါနဲ့ ကျွန်မလည်း
“ဟင်… အိတ်မရှိတော့ဘူး.. ကျွန်မ ပိုက်ဆံအိတ်မရှိတော့ဘူး”
“ဟင်” “အို” “ဟာ”ဆိုတဲ့ အာမေဋိတ်သံ အမျိုးမျိုးနဲ့ ကျွန်မနားက လူတွေ ရှဲကုန်ကြပြီး အခုမှ ရှေ့မှတ်တိုင် ဆင်းမလို့ ထွက်လာတာနော် ဆိုပြီး ပြောဆိုကုန်ကြပါပြီ။
“ဟင်း” ကျွန်မ သက်ပြင်းသာချလိုက်နိုင်ပါတော့တယ်။ ပါသွားတဲ့ ပိုက်ဆံက သုံးထောင်ကျော် လေးထောင်ပဲ။ ရဲစခန်းရောက် ဘာရောက်နဲ့ ရှုပ်အုန်းမှာဆိုတော့ လိုချင်လို့ယူတာ ယူပါစေတော့လေလို့ စိတ်နှလုံးသွင်းပြီး အိမ်ကို ပြန်လာခဲ့တယ်။
အိမ်ရှေ့ရောက်တော့ ပြန်မလာသေးတဲ့ သမီးကို ထွက်မျှော်နေတဲ့ အဖေနဲ့အမေကို “အမေရေ သမီးတော့ ထီပေါက်ခဲ့ပြီ” လို့ အစချီပြောပြပြီး အိမ်ပေါ်တက်ခဲ့ပါတယ်။ ဒီအချိန်ထိ ကျွန်မစိတ်ထဲ အေးအေးဆေးဆေးပဲရှိခဲ့တယ်။
 “ဟိုက်”
ကျွန်မ တကယ်ဟိုက်ရပြီလေ။ ညဖက် ကိုရီးယားဇာတ်လမ်းတွဲလေး ကြည့်မယ်လုပ်တော့ ကျွန်မရဲ့ အားကိုးရတဲ့ မျက်လုံးနှစ်လုံးက ပါသွားတာကိုးရှင့်။ ကျွန်မက ကွန်ပျူတာ ၀န်ထမ်းဆိုတော့ မျက်မှန်က ကျွန်မအတွက် အရေးကြီးတယ်လေ။ အဲ့မှာ ဒုက္ခနဲ့ လှလှ တွေ့တာပေါ့။ မနက် အလုပ် ဘယ်လိုလုပ်ရမလဲပေါ့နော်………….။
(၂)
“ဟဲ့ နင့်.. မျက်မှန်ရော”
“မပြောချင်တော့ပါဘူး မမော်ရယ်.. မနေ့က ခါးပိုက်နှိုက်ခံရတဲ့ထဲ ပါသွားတယ်လေ”
“ဟောတော့”
မနက်ရုံးရောက်တော့ ကွန်ပျူတာကို မျက်မှန်မပါပဲ မျက်မှောင်ကြီးကုတ်ပြီး ကြည့်နေတဲ့ ကျွန်မကို သူငယ်ချင်းက လှမ်းမေးတာပါ။ အဲ့ဒီအချိန်မှာ…
“အမွန်ရေ… ဧည့်သည်”
လို့ခေါ်တဲ့အတွက် ကျွန်မ ရုံးအပေါက်ဝကို ထွက်လာတော့ အသားညိုညို အင်္ကျီဖြူ လည်ကတုံးလက်ရှည်၊ ချည်ချောပုဆိုးအညိုကွက်စိပ်လေးဝတ်ထားတဲ့ အရပ်ရှည်ရှည် လူရည်သန့်တစ်ဦးကို တွေ့လိုက်ရပါတယ်။ အဲ့ချိန်ကတော့ ကျွန်မရဲ့ စိတ်ထဲမှာ ဘာအကြောင်းကြောင့်ပါလိမ့်ဆိုတာပဲ တွေးခဲ့တာပါ။ တစ်ချိန်မှာ ကျွန်မ သိပ်ချစ်ခဲ့ရပြီး ခွဲခွာရမယ့် မောင် ဆိုတာသာ ကြိုသိခဲ့မယ်ဆိုရင်………………………
“ဘာကိစ္စလဲ မသိဘူးနော်”
“အော် ဒီက မွန်မွန်ဆိုတာထင်တယ်နော်.. ကျွန်တော် ဒီအိတ်လေးကောက်ရလို့ ကြည့်တော့ အထဲမှာ အစ်မ ၀န်ထမ်းကဒ်တွေ့လို့ လာပေးတာပါ”
“ဟင်” ကျွန်မလည်း အံ့သြ၀မ်းသာ သွားတယ်။ အလောတကြီး ယူကြည့်လိုက်တော့ ပိုက်ဆံကလွဲပြီး ပိုက်ဆံအိတ်၊ ၀န်ထမ်းကဒ်ကအစ မျက်မှန်ရော အဘိဓမ္မာ မှတ်စုစာအုပ်အဆုံး အကုန်ပြန်ရတာပါ။ ကျွန်မလည်း ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်ရင်း
“ကျေးဇူးတင်လိုက်တာ ကို…”
“အော်. ကျွန်တော့်နံမည်က ညီညီပါ”
“ဟုတ်ကဲ့.. ကိုညီညီ.. ကျွန်မအရမ်းကျေးဇူးတင်တာပဲရှင်.. ကျွန်မမျက်မှန်လေး ပြန်ရလို့ ၀မ်းသာလိုက်တာ”
“ရပါတယ်ဗျာ.. ခုလို အဆင်ပြေတာကြားရလို့ ၀မ်းသာပါတယ်ဗျာ… ကျွန်တော်လည်း ဒီနားက ရုံးကပဲလေ”
“အော်.. ဟုတ်လား၊ ဒါနဲ့ ဒီအိတ်ကို ဘယ်လို ရခဲ့တာလဲဟင်”
“အေးဗျာ… ကျွန်တော် မနေ့က ကန်သာယာကစတိုးဆိုင်မှာ အမေမှာတာလေးဝင်ဝယ်ပြီး ဆိုင်ကပြန်ထွက်တော့ ဆိုင်ရှင်အစ်မကြီးက မောင်လေး မောင်လေး ဒီမှာ မောင်လေးအိတ် ကျန်ခဲ့ပြီပြောလို့ ကျွန်တော် လှည့်ကြည့်တော့  ဒီအိတ်ကို တွေ့တယ်လေ။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့ဟာ မဟုတ်ဘူးလို့ပြောတော့ ဟင်….ဒါဆိုရင် ဘယ်သူကျန်ခဲ့လဲ မသိဘူးဆိုပြီး အိတ်ကို ဖွင့်ကြည့်ကြတယ်။ အဲဒီမှာ ဒီဝန်ထမ်းကဒ်ကို တွေ့တာပဲ။ အဲတာနဲ့ကျနော်လည်း ဟာ ဒီရုံးကဆိုရင် ကျနော့်ရုံးနဲ့နီးနီးလေးရယ်၊ ကျွန်တော်ပြန်ပေးလိုက်လို့ရတယ်အစ်မလို့ ပြောလိုက်တယ်”
“အဲဒီတော့…”
“အဲဒီတော့ အဲ့အစ်မက ပိုက်ဆံလည်း မပါဘူးဆိုတော့ ကျွန်တော်နဲ့လည်းသိတာဆိုတော့ ယူသွားလိုက်လေ ဆိုလို့ ကျွန်တော် ယူလာခဲ့တာပါ”
“အော်.. တော်သေးတယ်… ပိုက်ဆံကလွဲပြီး အကုန်ပြန်ရတယ်.. မနေ့က ကျွန်မ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာလေ”
“ဟုတ်လား”
“ဟုတ်တယ်… ကျေးဇူးတင်လွန်းလို့ ကျွန်မ လဘက်ရည်တိုက်ပါရစေနော်.. ခဏလေး.. ကျွန်မ ရုံးအုပ်ကို သွားပြောလိုက်အုန်းမယ်”
“ဟာ.. နေပါစေ အစ်မ.. ကျွန်တော်သောက်ပြီးပြီ… ရုံးချိန်ကြီးဆိုတော့ ကျွန်တော့်ကို ခွင့်ပြုပါအုန်း”
“ဟုတ်.. ဟုတ်ကဲ့…”
ကျွန်မလည်း ဘာရယ်မဟုတ် သူထွက်သွားတဲ့နောက်ကို လိုက်ကြည့်နေမိတယ်…..
 (၃)
“ ချစ် ”
“ ဟင်… ဘာလဲ မောင်”
“ဘာတွေပြုံးနေတာလဲ”
“အော်.. ကျွန်မတို့ စပြီးသိခဲ့တာကို ပြန်အမှတ်ရပြီး ပြုံးမိတာပါ”
“အင်းနော်.. မောင်တော့ အဲဒီ ခါးပိုက်နှိုက်ကို ကျေးဇူးတင်တယ်.. ချစ်နဲ့ တွေ့ခွင့်ရခဲ့လို့လေ”
“အမယ်မယ်… ပိုပြီ”
“တကယ်ပြောတာ ချစ်ရဲ့… ချစ်ကို မောင် သိပ်ချစ်တယ် သိလား.. မခွဲကြေးနော်”
ကျွန်မတို့ ချစ်သူနှစ်ယောက် ရုံးပိတ်ရက်မှာ ဆူးလေမှာရှိတဲ့ Parisian ကော်ဖီဆိုင်လေးရဲ့ အပေါ်ထပ်မှာ ကော်ဖီသောက်ရင်း စကားပြောနေကြတာပါ။
“ ကျွန်မလည်း မောင့်ကို သိပ်ချစ်တာပါ မောင်ရယ်… ဘယ်တော့မှ မခွဲဘူး”
“ဟင်းးးးးးးး မောင်တော့ လက်ထပ်ချင်ပြီကွာ၊ ဒါပေမယ့် မောင်တို့မှာ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ မနေနိုင်သေးဘူး..”
“ဟုတ်တယ် မောင်”
“မောင် တော့ plan လေးတစ်ခု ချထားချင်တယ် ချစ်ရယ်.. မောင်တို့ လည်း အသက်မငယ်ကျတော့ဘူးဆိုတော့ သားသားမီးမီးလေးတွေ ယူမယ်နော်.. မောင်တို့ သားသမီးတွေ မပူမပင် နေရဖို့အတွက် မောင်တို့မှာ တာဝန်ရှိတယ်.. ချစ်ကိုလည်း ချမ်းချမ်းသာသာကြီး မထားနိုင်တောင် မပူမပင် ထားချင်တယ်… မောင် ကြိုးစားရမယ်အချစ်.. မောင်လေ တွေးတွေးပြီး ကြည်နူးရတယ် ချစ်ရယ်”
“မောင့်စကား ကြားရတာနဲ့တင် စိတ်ချမ်းသာရပါတယ် မောင်ရယ်”
“ဟုတ်တယ်ချစ်.. မောင်စဉ်းစားနေတယ်.. ဒီလို ဖြစ်လာဖို့ကလည်း မောင် ဒီတိုင်းနေလို့မဖြစ်နိုင်ဘူး.. မောင့်ညီ တစ်ယောက် စင်ကာပူမှာရှိတယ်… ဟိုတစ်နေ့က မောင်နဲ့တွေ့တော့ သူက ခေါ်နေတယ် ချစ်.. အိမ်ကတော့ မောင့်သဘောလေ.. မောင်ကတော့ သွားပြီး ပိုက်ဆံစုချင်တယ် ချစ်ရယ်.. ချစ် ဘယ်လိုသဘောရလဲဟင်”
“ဟင်” ကျွန်မ ရင်ထဲမှာ ဒိန်းကနဲ မြည်သွားပါပြီ… ကျွန်မကတော့ ကျွန်မတို့ လက်ထပ်ပြီးရင် ဒိုးတူ ဘောင်ဖက် လုပ်ကိုင်စားသောက်မယ်စိတ်ကူးရှိပေမယ့် နောင်အရှည်သဖြင့်တော့ မရပ်တည်နိုင်ဘူးဆိုတာ သိနေပြီး မောင်ပြောတာကလည်း နည်းလမ်းကျနေတော့
“ဟင်းးးး မောင် ပြောတာလည်း ဟုတ်ပါတယ်… ဒါပေမယ့် ခွဲရမှာက ဘယ်လောက်တောင် ကြာမလဲ မသိတော့ ကျွန်မ မပြောတတ်တော့ဘူး မောင်ရယ်”
“ အကြာကြီးမဟုတ်ဘူးလေ ချစ်.. ၃ နှစ် အလုပ်လုပ်ပြီး စုမယ်.. ၃ နှစ်နဲ့ အခြေအနေကောင်းရင် မောင် ပြန်လာပြီး ချစ်နဲ့ လက်ထပ်မယ်.. အလွန်ဆုံး ၅ နှစ်ပေါ့ ချစ်ရယ်.. အနာဂတ်မှာ မောင်တို့ မိသားစုလေး အခြေတကျ ဖြစ်ဖို့အတွက်ပါနော်.. ချစ် နော်”
“ဟူးးးးးးးးးးးးး” ကော်ဖီဆိုင်လေးရဲ့ အဲယားကွန်း အအေးက ကျမရင်ထဲက အပူကို မငြိမ်းသတ်နိုင်ခဲ့ပါဘူး။
 (၄)
 “ ချစ်”
“နေကောင်းရဲ့လား၊ မောင်အရမ်းသတိရတယ်ကွာ… အလုပ်ကပင်ပန်းပေမယ့် ချစ်ဓာတ်ပုံလေးကြည့်လိုက်ရင် အမောကို ပြေရော.. သိလား”
(ဟွန်းးးးးးး ပိုပြီ)
“တကယ်ပြောတာ ချစ်ရဲ့.. ချစ်နဖူးလေးကို အာဘွားလေးပေးလိုက်ရရင် မောသမျှကို ပြေလို့”..
(အော် မောင်ရယ်.. ကျွန်မလည်း မောင့်လိုပါပဲရှင်)
ညနေက အင်တာနက်ဆိုင်ကိုသွားပြီး ကျွန်မအီးမေးထဲကနေ မောင့်ရဲ့ စာကို print ထုတ်လာပြီး ကျွန်မဖတ်ရင်းနဲ့ စိတ်ထဲက ပြောမိနေတာပါ။ မောင်သွားတာလည်း နှစ်နှစ်နီးပါးကြာပြီလေ။
“ဒီလမှာ မောင် လစာထပ်ပြီးတိုးရတယ် ချစ် သိလား…. မောင်အရမ်းပျော်တယ်.. မောင်လည်း ဒီမှာ ပိုက်ဆံ တော်တော်စုမိနေပြီ… ချစ်ကို ပေးတာတွေကို ချစ် သုံးနော်”….
(မသုံးရက်ပါဘူး မောင်ရယ်… ကျွန်မ စုထားတယ်)
“ဒီတိုင်းဆိုရင် မောင် ပြန်လာဖို့နီးပြီလို့ ပြောလို့ရတယ် ချစ်.. သိလား.. အရမ်းပျော်တယ်ကွာ… ချစ် ကျန်းမာရေးဂရုစိုက်နော်”..
(ဂရုစိုက်ပါတယ်မောင်ရယ်.. မောင်လည်းဂရုစိုက်အုန်း)
မောင့်စာကိုဖတ်ရင်း မောင့်ပီတိတွေကို ကျွန်မခံစားလို့ရနေတယ်လေ။ ပြုံးရင်းနဲ့ ကျွန်မခေါင်းလေး တစ်ချက်မော့ပြီး ဆံပင်ကို ပင့်တင်လိုက်ချိန်မှာ မြင်မိလိုက်တာက အိမ်ရှေ့က ဗန်ဒါပင်လေးဟာ ရွက်ဟောင်းတွေကြွေလို့ အရိုးပြိုင်းပြိုင်းနဲ့ပေါ့။
“ဒီနေ့ မောင် ဘဏ်ကို သွားမယ်.. ပြီးရင် ချစ်ဆီကို ဖုန်းဆက်မယ်နော်”
(ကျွန်မလည်း မောင့်ဆီက ဖုန်းကို မျှော်နေပါတယ်မောင်ရယ်)
“သမီးရေ ဖုန်းတဲ့”
ကျွန်မ စိတ်ထဲကပြောနေတဲ့အချိန်မှာပဲ အိမ်နားက စတိုးဆိုင်က ဖုန်းလာတယ်လို့ခေါ်တဲ့အတွက် ကျွန်မ အတိုင်းမသိပျော်သွားပါတယ်..
“လာပြီ လာပြီ”
ကျွန်မအပြေးကလေးသွားပြီး ဖုန်းကိုင်လိုက်ချိန်မှာတော့
“ မမမွန်လား”
“ဟင်… ဟုတ်တယ် မောင်လေး… ဘာဖြစ်လို့လဲဟင်”
“အစ်ကိုလေ အစ်ကို….”
“ဟင်…. မောင်… မောင်… မောင် ဘာဖြစ်လို့လဲဟင်”
“အစ်ကိုလေ ကား အက်ဆီးဒင့် ဖြစ်လို့ ဆုံးးး.. ဆုံးပြီ မမမွန်… သူ့ကိုတိုက်တဲ့ကားမောင်းတဲ့သူက ပြောတာက အစ်ကိုက ဘာတွေတွေးလာလဲမသိဘူးတဲ့၊ ပလက်ဖောင်းကနေ ရုတ်တရက် ကားကိုမကြည့်ပဲ လမ်းဖြတ်ကူးတာ ဘရိတ်အုပ်တာ မမီလိုက်ဘူးတဲ့ မမမွန်”
“ဟင်……………..”
 (၅)
 ဥသြ…. ဥသြ… ဥသြ
“ဟင်းးးးး ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်တော့မှာပဲ”
“မောင်ရယ်… ကျွန်မ ဘယ်လိုဖြေရမလဲဟင်…. ကျွန်မသိတယ်… မောင် ကျွန်မဆီ အီးမေးပို့တုန်းက မောင် ဘယ်လောက်ပျော်နေလဲဆိုတာ ကျွန်မသိတယ်… မောင့် စိတ်ကူးလေးတွေနဲ့ အပျော်လွန်ပြီး မောင် သတိလက်လွတ်ဖြစ်သွားတာ နေမယ်.. မောင်ရယ်…”
ကျွန်မ ဘယ်လိုမှ ဖြေလို့ မပြေနိုင်ခဲ့ပါဘူး။ ရည်မှန်းချက်ကြီးကြီးနဲ့ ဘ၀မျှော်လင့်ချက်တွေနဲ့ ကျွန်မကို သိပ်ချစ်ခဲ့တဲ့ မောင်တစ်ယောက် ကျွန်မကို ထားသွားခဲ့ပါပြီ။ ဘယ်လိုကံကြမ္မာတွေကများ ကျွန်မတို့ ချစ်သူနှစ်ယောက်အပေါ်မှာ ရက်စက်ခဲ့ရတာလဲ။ တကယ်လို့များ ရှေးဘ၀ ၀ဋ်ကြွေးတွေ ရှိခဲ့ကြရင် ဒီဘ၀နဲ့ပဲ ကြေပါရစေလို့ ကျွန်မဆုတောင်းမိပါရဲ့ရှင်။။ ဆုတောင်းမိပါရဲ့………………………..။

Saturday, January 29, 2011

စိတ်ထဲရှိရာ

လူ့လောကအလယ်
လောဘတွေ ဒေါသတွေကြား
သောကတွေများခဲ့
စိတ်ပင်ပန်းမှုတစ်ခု
ပြေစေတော့လို့
ဟန်ဆောင်ချစ်တွေကြားမှာ
ငါလေမျောလို့နေခဲ့
ဖြတ်သန်းရာဘဝ
ရေစုန်ရေဆန် ခရီးနှင်ခဲ့
ပါးစပ်နားရွက်ချိတ်
မျက်ဝန်းမိုးစွေ
တလှည့်စီကြုံရင်း
လူမျိုးစုံ စိတ်ရောင်စုံကြား
အချိန်တွေသေဆုံး
ရက်တွေကွယ်လွန်
ထူးမခြားတဲ့ဘဝ
လောကကြီးရယ်...
ဖြစ်သမျှအကြောင်း အကောင်းချည်းဘဲလို့
လက်မှိုင်ချကာ နေရမှာလား
နှာသီးဖျားမှာ လေတိုးနေတုန်း
ဖြစ်သင့်တာဖြစ်ပြီးရင်တော့
ဖြစ်ချင်တာလေး ဖြစ်ပါရစေ။