Sunday, December 9, 2012

☺☻☺ လရောင်ဆမ်းတဲ့ ဗူးသီးကြော် ☺☻☺

၁၅ ပေ ပတ်လည် အခန်းကျဉ်းလေးထဲမှာ ထမင်းစားသောက် ဆေးကြောသိမ်းဆည်းပြီး တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှ အမောထိုင်ဖြေရင်း အိမ်အနောက်ဖက်က ဖွင့်ထားတဲ့ တံခါးကနေ အပြင်ကို ငေးကြည့်လိုက်ပါတယ်။
ပြည်ပတစ်နေရာမှာ အလုပ်လုပ်နေတဲ့ ကျွန်မ၊ ဒီနေ့ပြီး နောက်နေ့ကို ဘာလုပ်ရမယ်ဆိုတာ ပုံသေနည်းတစ်ခုလို သိနေတဲ့ကျွန်မ၊ စက်ရုပ်တစ်ရုပ် လို ဖြစ်မှန်းမသိ ဖြစ်နေတဲ့ ကျွန်မ အလုပ်ချိန်ကတော့ မနက် ၉ နာရီကနေ ညနေ ၆ နာရီထိဖြစ်ပါတယ်။
ညနေအိမ်ပြန်ရောက်ရင် ထမင်းအိုးတည်ခဲ့ပြီး မနက်ဖြန်ထမင်းဘူးအတွက် ဈေးသွား၊  ဈေးကအပြန် မနက်စာအတွက် ပြင်ဆင်ရင်း စားသောက်ပြီးချိန်မှာတော့ ည ၉ နာရီ ထိုးလုပါပြီ။
ကောင်းကင်ရဲ့ အမှောင်ထုကို အံတုနေတဲ့ လခြမ်းကွေးလေးကို ငေးရင်း
ကျွန်မ ဖြတ်ကနဲ ပြက္ခဒိန်လေးကို ကြည့်လိုက်တော့ သီတင်းကျွတ်လဆန်း ၇ ရက်။
အော်…. ဘာလိုလိုနဲ့ သီတင်းတောင်ကျွတ်တော့မှာပါလား။ ဒီနှစ်တော့ အဖေတို့ အမေတို့ကို ကိုယ်တိုင်ကိုယ်ကျ ကန်တော့နိုင်ကောင်းပါရဲ့……………….. လို့ တွေးရင်းးးးးးးးးးးးးးးးးး ကျွန်မစိတ်က တစ်ခုသော သီတင်းကျွတ်လပြည့်ညဆီသို့……………………။



+ + + ၁ + + +

“ဟေ့… နက်ဖြန် လပြည့်ညဟ၊ မနက်က ဗူးစင် သွားကြည့်တာ ဗူးသီး ၂ လုံးတောင်ရနေပြီ၊ ငါ အမေ့မေးကြည့်တော့ အမေကလည်း ရပြီတဲ့၊ အဲတာ ဗူးသီကြော် ကြော်စားမယ်ဟာ…”
အိမ်ထဲက အလင်းရောင် မရောက်ပေမယ့် တဖြေးဖြေးဖြန့်ကျက်လာတဲ့ လရောင်အောက်က အိမ်ရှေ့ကွပ်ပျစ်လေးပေါ်မှာ ကျွန်မ ညီမလေးက အမေ့ပေါင်ပေါ်မှာ ခေါင်းအုံးလို့ ထမင်းဆီရစ်ရင်း လှမ်းပြောလိုက်တာပါ။
“မမလေး.. နင် ဆီစိုက်ဟာ.. ငါ ပါးစပ်စိုက်မယ်… ဟီး..ဟီး..”
“အမလေးနော် အကုန်အကျများနေပါ့မယ်.. ငါ့ထက် လစာများတဲ့သူက.. ကပ်စေးလာနဲနေသေးတယ်. နင်က အိမ်ကို တစ်ခါတစ်လေမှ လာတဲ့သူဆိုတော့ နင် ၀ယ်ပေါ့ဟ”
အဲ့အချိန်မှာ အမေ့ညီမ ကျွန်မအဒေါ်က ကျွန်မအမေကို
“မမရေ.. မမသမီး နှစ်ယောက်ကတော့ စားမယ်ဆိုတာကြီးပဲ.. ဟဲ့.. နင်တို့က နက်ဖြန် ငါ့ကို ဘာနဲ့ ကန်တော့မှာလဲ ပြော… ဗူးသီးကြော် ကြော်မယ့် ဆီဖိုး ငါပေးပါ့မယ်..”
”ဟေးးးးးးးးးးး မိုက်တယ်ကွာ.. တော်တော်က အပျိုကြီးဆိုတော့ ထွေထူးလိုဘူးလေလို့.. ဟီးးးးးး.. လက်အုပ်လေးချီပြီးကန်တော့မယ်လေ.. ခိခိ”
အဲ့ချိန် ကျွန်မအဒေါ်ရဲ့ မျက်စောင်းလေးက စိတ်ဆိုးလို့ထိုးတဲ့မျက်စောင်း မဟုတ်တော့ အရမ်းကို ချစ်ဖို့ကောင်းနေပါတယ်။
မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့ဖြစ်လို့ ကျွန်မတို့တွေ မိဘတွေကို ကန်တော့ရအောင် အိမ်မှာ လူစုံတက်စုံ ရောက်နေကြတာပါ။ ကျွန်မတို့က ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ ကိုယ့်ခြံဝင်းလေးနဲ့ကိုယ် နေကြတာလေ၊ အိမ်လေးက ပျဉ်ထောင်အိမ်၊ မကျယ်မ၀န်းလေးပါ။ နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့တိုင်းဆုံနေကြပေမယ့် ဒီနှစ်ကတော့ အိမ်မှာ ဗူးပင်စိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားပါတယ်။
ကျွန်မတို့က အဒေါ့်ကို တော်တော်လို့ခေါ်တယ်၊ တော်တော်နဲ့ ကျွန်မ ညီမလေးက မြို့ထဲမှာ အလုပ်လုပ်ကြတဲ့သူတွေဆိုတော့ မြို့ထဲမှာအတူတူ အိမ်ငှားနေကြပါတယ်။ မြို့ထဲနဲ့ ကျွန်မတို့ အိမ်ကလည်း ဝေးတယ်လေ၊ ကျွန်မ အစ်မက သူ့အိမ်ထောင်ထောင်နဲ့သူ၊ သူ့အိုး သူ့အိမ်နဲ့နေတာပါ။
အခုလို နေ့ကြီးရက်ကြီးတွေမှာသာ လူစုံတက်စုံ ရှိကြတာလေ။ အခု အိမ်မှာ   ကျွန်မအစ်မလင်မယားရယ်၊ ညီမလေးရယ်၊ အဒေါ်ရယ် လာကြတာဆိုတော့ ကျွန်မတို့အိမ်လေးမှာ လက်ပံပင် ဆက်ရက်ကျသလို တစ်ယောက်တစ်ပေါက်နဲ့ ဆူလို့ပေါ့ရှင်၊ ခါတိုင်းက အဖေ၊ အမေနဲ့ ကျွန်မပဲ အိမ်မှာရှိတာကိုး၊
“အမေ့… အချဉ်ရည်ကို ရှယ်ဖျော်နော်” ကျွန်မ ညီမ အစားပုတ်လေး ပြောတာပါ။
“အေးပါ နှစ်မျိုးဖျော်မယ်… အဖေကြီးက အချဉ်များတာ မကြိုက်ဘူးဆိုတော့ အဖေ့အကြိုက်က တစ်မျိုး… သမီးအကြိုက်ကတစ်မျိုး.. နှစ်မျိုး လုပ်မယ်လေ”
“ဟေးးးးးးးးး ဒါမှ တို့အမေကြီးကွ…. ရွှတ်”
ပြောပြောဆိုဆို အမေ့ပါးလေးကို ညီမလေးက နမ်းလိုက်တာပါ၊ အမေ့ရဲ့ ပြုံးပီတိလေးကို မသဲမကွဲ လရောင်အောက်မှာ သဲသဲကွဲကွဲ မြင်လိုက်ရပါတယ်။


+ + + ၂ + + +

ကျွန်မအဖေနဲ့ အမေက အပင်စိုက်တာ ၀ါသနာပါပါတယ်၊ အဖေကတော့ ဒိုင်ခံ ရေလောင်းပေါ့၊ အခုဗူးသီး သီးတဲ့အပင်လေးကို အမေက ဈေးထဲက ပျိုးပင်တွေရောင်းနေတာတွေ့လို့ ၀ယ်လာတယ်။ အဖေက ချက်ချင်းပဲ ၀ါးတွေဝယ်၊ စင်လေးထိုး၊ အပင်ရေလောင်းနဲ့ တဖြေးဖြေး ဗူးပင်လေးဟာ ဗူးသီး တစ်လုံးပြီးတစ်လုံး သီးလာတယ်လေ၊ အိမ်နီးနားချင်းတွေကိုဝေ၊ အိမ်မှာလဲ တစ်နေ့တစ်နေ့ ဗူးညွန့်ကြော်လိုက် ဗူးသီးကို အမျိုးမျိုး ချက်လိုက်နဲ့ အမေရေ ကြာရင် ဗူးသီးရုပ်လေးပေါက်တော့မယ်လို့ ပြောယူရတဲ့အထိပါ………။

@#@#@#@#@#@#@#@#@#@#

သီတင်းကျွတ်လပြည့်နေ့လေးကိုရောက်လာပါပြီ၊ မနက်စောစောထပြီး အိမ်ကဘုရားမှာ သစ်သီးဆွမ်းလေးကပ်၊ ပန်း ရေချမ်းတွေကပ်နဲ့ မေတ္တာပို့ အမျှဝေလို့ စိတ်နှလုံးကလည်း အင်မတန်မှ ကြည်မွေ့နေပါတယ်။
ဘုရားရှိခိုးပြီး ထလာတော့ အိမ်ရှေ့ခန်းမှာ အမေ့လက်ရာ ကော်ဖီဝိုင်းက အဆင်သင့်ပါ။ အမေကိုယ်တိုင်လုပ်တဲ့ ဆီထမင်း ပဲပြုတ်နဲ့ နှမ်းထောင်းဖွေးဖွေး အုန်းသီးဖွေးဖွေးကလည်း စားချင့်စဖွယ်ပါ။
ကြုံတုန်း ကြွားတဲ့ ကြုံကြွားလေးတစ်ခု ပြောရအုန်းမယ်။ ကျွန်မအမေ လုပ်တဲ့ ဆီထမင်းက မီးအေးအေးလေးနဲ့ နှပ်ထားလို့ ချိုးပါးပါးလေး တက်နေတဲ့ ဆီထမင်း ၀ါဝါ၀င်းလေးကို မြင်ရင် ဘယ်သူမှ မစားပဲ မနေနိုင်ကြပါဘူး။ အပြောမဟုတ်ပဲ လက်တွေ့ဆိုတာ အိမ်လာလည်ရင် သက်သေပြမယ်နော်…..
“ကဲ..ကဲ.. စမယ်.. ချော့ကလက်လေးတွေ တန်းစီ”
မိသားစုကော်ဖီဝိုင်းလေးပြီးတော့ ကျွန်မက အဖေတို့ကို ကန်တော့ဖို့အတွက် ဆော်သြ လိုက်တာပါ။
အသီးသီး ထိုင်နေရာကနေ ကန်တော့မယ့်ပစ္စည်းလေးတွေကိုင်ပြီး ရောက်လာကြပါတယ်။
“အန်ဥူး.. ဦးဥာဏ်ရေ… အမေတို့ကို ကန်တော့မယ်”
ကျမတို့ရဲ့အိမ်ဘေးမှာ နေတဲ့ အမေ့မောင် ကျွန်မရဲ့ ဦးလေးကို လှမ်းခေါ်လိုက်တာပါ။ ကျွန်မက အမြဲတန်း ကျွန်မဦးလေးတွေကို နံမည်အတည့်မခေါ်ပါဘူး၊ အော်ကျူး ဦးကျော်၊ အာသူး ဦးသာ စသဖြင့် အဲလိုအမြဲခေါ်နေကြလေ၊ အဲ့ဒီ ဦးဥာဏ်က သူ့မိသားစုနဲ့အတူ အိမ်ဘေးကခြံမှာ နေတာပါ။
“လာပြီ အန်တီလေးရေ.. လာပြီ.. သားအတွက် မုန့်ဖိုးများများနော်..”
“ရတယ်.. ရတယ်.. အုပ်လိုက်ပေးမှာ.. ကျပ်တန် အုပ်တွေ စုထားတယ်”
“ အာ……….. အန်တီလေးနော်..”
ခုနက ကျမပြောတဲ့ ဦးလေးရဲ့တစ်ဦးတည်းသောသားက ကျွန်မကို လှမ်းပြောလိုက်တာပါ။
ကျွန်မ အဖေနဲ့ အမေက နှစ်ယောက်ထိုင်ကုလားထိုင်မှာ နေရာယူနေကြပါပြီ။ ကျွန်မတို့တွေ လည်း အားလုံး လက်အုပ်လေးတွေချီလို့ ဦးချကန်တော့လိုက်ပါတယ်။ အဖေနဲ့ အမေက ဆုတွေပေးလို့…………..
“ကဲ.. ရပြီလေ.. ထကြတော့လေ” အမေကပြောလိုက်တာပါ. ရယ်ရင်းနဲ့လေ.. ဘာလို့မထသေးလဲ သိတယ်ဟုတ်…
“ပြီးသေးဘူးလေ… မေကြီးရဲ့… ” ကျွန်မအစ်မက ပြောပြောဆိုဆို လက်ဝါးလေး ဖြန့်လိုက် ပါတယ်။
ကျွန်မအမေက ပြုံးပြုံး ပြုံးပြုံးနဲ့ ရော့… ရော့ ဆိုပြီး တစ်ယောက်ချင်းစီကို မုန့်ဖိုးပေးပါတယ်။ ကျမ တစ်ဝမ်းကွဲမောင်လေးအလှည့်ရောက်တော့
“ အာ.. ကြီးကြီးနော်…. ဟီး” ဆိုပြီး လှမ်းအော်လိုက်လို့ ကျွန်မကြည့်လိုက်တော့ အမေလေ.. ပိုက်ဆံကိုင်ထားတဲ့ လက်လေးချောင်းကို အသာဝှက်လိုက်ပြီး လက်ညှိုးလေး တစ်ချောင်းကို ကျွန်မမောင်လေး လက်ထဲကို ထည့်ပေးလိုက်တာပါ…
“ ဟား…ဟား..ဟား”
ရယ်သံတွေကတော့ ဟိန်းကနဲ ထွက်သွားလိုက်တာ လမ်းပေါ်ကလူတွေတောင် ကြည့်လို့……….။


+ + + ၃  + + +

ဒီလိုနဲ့ ညနေစောင်းလေးရောက်လို့ ဗူးသီးကြော်ဖို့အတွက် ခြံထဲမှာ ပြင်ဆင်ကြပြီပေါ့ရှင်၊ မီးဖိုထုတ်တဲ့သူကထုတ်၊ အစာပလာ နယ်တဲ့သူကနယ်၊ ဗူးသီးစိတ်တဲ့သူကစိတ်နဲ့ တဖြေးဖြေး မှောင်လာတဲ့အချိန်တစ်ပြိုင်နက်တည်းမှာပဲ လမင်းကြီးကတော့ တဖြေးဖြေး မှိန်ရာကနေ လင်းလာလိုက်တာ တစ်ခြံလုံးကို လရောင်တွေဖြာကျလို့နေပါပြီ။ အေးမြတဲ့ လရိပ် အရသာကို ခံစားရအောင်ဆိုပြီး တစ်အိမ်လုံးကို မီးတွေပိတ်ထားတယ်လေ။
 ကျွန်မ အစ်မကလည်း ဗူးသီးကြော်ကို စကြော်ပါပြီ၊ ပထမကြော်စမှာတော့ အမြည်းအမြည်းဆိုပြီး အိုးနားကနေ မထကြတဲ့ ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို အစ်မက
“အမေရေ… ဒီညီအစ်မနှစ်ယောက်ကို ခေါ်ထား… နို့မို့ အမေ့ဗူးပင်က ဗူးသီးတွေကုန်လိမ့်မယ်”
ဟီး..ဟီးးး..ဟီးးးးးးးး ကျမတို့ ညီအစ်မနှစ်ယောက်ကလည်း အဲတော့မှ ရှက်ရှက်နဲ့ အကြော်အိုးနားကနေ ခွာလိုက်ပြီးတော့ ဗူးသီးကြော် ပူပူလေးတွေကို အိမ်ရှေ့မှာစောင့်နေတဲ့ ၀ိုင်းဆီကို သယ်သွားပါတော့တယ်…..
အိမ်ရှေ့ကွပ်ပျစ်မှာတော့ လူကြီးတွေဝိုင်းလို့ .. ဘေးမှာ ဓာတ်ဗူးတွေချလို့… အချဉ်ရေခွက်တွေနဲ့ အဖန်ရေ ပူပူ ခါးခါးလေးနဲ့ စောင့်နေကြတာပါ… အိမ်ရှေ့မှာ ဖယောင်းတိုင်တွေကလည်း ထွန်းထား၊ လရောင်ကလည်း ထိန်ထိန်သာနေတာဆိုတော့ အေးချမ်းလိုက်ပုံများ…. လရောင်ရဲ့ အေးမြမှုအရသာကို ပြည့်ပြည့်၀၀ ခံစားလိုက်ရတာ.. ကျွန်မရဲ့ မမေ့နိုင်တဲ့ နေ့လေးတွေထဲက ရက်လေးတစ်ရက်ပေါ့……
“ အမလေး ကောင်းလိုက်တာ.. အမေ့အချဉ်ရည်ကလည်း ကောင်း.. အကြော်သည်လေးကလည်း တော်ဆိုတော့.. မမရေ… နင့်အတွက် မကျန်တော့ဘူးဟ”
“အယ်… သမီးအတွက်လည်း ချန်ထားအုန်းနော်.. ဒီအကြော်သည် မစားရ အညှော်ခံ ဆိုသလို ဖြစ်နေမယ်”
“ခိခိ… မမရေ .. ကြော်ပြီးရင်… အိုးသာ တန်းဆေးလိုက်တော့ … ကျန်တော့ဘူး”
“အေးပါ… အေးပါ.. လုပ်ထား..လုပ်ထား”
“ဟ.. ဗူးသီးကြော်က တကယ်ကောင်းတာ… လရောင်ဆမ်းထားလို့လားမသိဘူး… ဟားဟား”
“အမယ်မယ်… ငါ့လက်ရာကောင်းလို့ ကောင်းတာ”
“ဟုတ်ပါတယ်… ဟုတ်ပါတယ်”
ကျမအစ်မနဲ့ ညီမ ပြောနေကြတာပါ…
တကယ်ပါ… အဲ့ညက လရောင်ဆမ်းတဲ့ ဗူးသီးကြော်ရဲ့ အရသာဟာ ဘာအရသာမှ လိုက်မမီအောင်ကို ကောင်းတာပါရှင်….
အော်….. ဒါတွေက ကြာခဲ့ပြီပေါ့ရှင်… မကြာခင်ရက်ပိုင်းမှာ သီတင်းကျွတ်လပြည့် ရောက်ပြန်အုံးမပေါ့…. အဝေးတစ်နေရာကနေ လရောင်ဆမ်းတဲ့ ဗူးသီးကြော်လေးကို ကျွန်မ လွမ်းဆွတ် တမ်းတလျှက်ပါ………
လွမ်းတယ်ကွယ်………………………
ဒီတစ်နှစ်မှာတော့ ကိုယ်တိုင်ကိုယ်ကျ အရောက်လှမ်းလို့ ဖေ နဲ့ မေကို ဦးချကန်တော့နိုင်ပြီ ထင်ပါရဲ့။။။။။။။။ ဒါပေမယ့် လရောင်ဆမ်းတဲ့ ဗူးသီးကြော်ကတော့…………………

.

\^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v^^v/

ချစ်ခြင်းအားဖြင့်

☺☻☺ ရိုးရိုးလေး ☺☻☺

No comments:

Post a Comment