ဥသြ…. ဥသြ… ဥသြ
“ဟင်းးးးး ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်တော့မှာပဲ”
ကျွန်မ အိမ်ပြတင်းပေါက်ဝကနေ လွမ်းသီငှက်လေးရဲ့ အသံလာရာဆီကို မှန်းဆရင်း အိမ်ရှေ့ကို လှမ်းကြည့်လိုက်ပါတယ်။ နွေလေပူရဲ့ လေအဝှေ့မှာ ရွက်ဟောင်းတွေ တဖြုတ်ဖြုတ်ကြွေကျလို့ အရိုးပြိုင်းပြိုင်းထနေတဲ့ ဗန်ဒါပင်ကို ကြည့်ရင်း အလွမ်းတွေပိုရပြီပေါ့။
ဒီလိုအချိန်ပေါ့။ သူဆိုတဲ့ မောင်နဲ့ ကျမတို့ အမှတ်မထင် တွေ့ဆုံခဲ့ပြီး မှတ်မှတ်ထင်ထင် ခွဲခွာခဲ့ကြရတာ ဒီရာသီလေးမှာပေါ့……………………။
(၁)
“ကိုမျိုးဇော်.. ကျွန်မ ဈေးမှာဆင်းမယ်နော်”
“ရတယ် အစ်မ.. ကြိုက်တဲ့နေရာပြော…စိတ်ချမ်းသာေ စရမယ်”
ကျွန်မ က အစိုးရရုံးဝန်ထမ်းတစ်ဦးလေ။ ဒီနေ့က လခထုတ်ရက်ဆိုတော့ ဈေးဝင်ပြီး အိမ်က အဖေတို့အတွက် စားစရာ တစ်ခုခုဝယ်ရင်း ထီထိုးမယ်ဆိုတဲ့ စိတ်ကူးနဲ့ စီးလာတဲ့ ရုံးဖယ်ရီကားက ကားသမားကို လှမ်းပြောလိုက်တာပါ။
“ရပြီ.. ရပြီ.. ကိုမျိုးဇော်… ကျွန်မ ဒီမှာပဲဆင်းတော့မယ်” လို့
ပြောပြီး မြောက်ဥက္ကလာ “ဈ” ဈေးမှာ ကျွန်မ ဆင်းလိုက်ပါတယ်။
ဈေးထဲရောက်တော့ အိမ်မှာ ကုန်နေပြီဖြစ်တဲ့ ဆပ်ပြာမှုန့်ကအစ တခြားလိုအပ်တဲ့ ပစ္စည်းလေးတွေရယ် ကျွန်မအဖေနဲ့ အမေအတွက် စားစရာတွေရယ် ၀ယ်ပြီး ကျွန်မ ဘတ်စ်ကားမှတ်တိုင်ကို လာခဲ့ပါတယ်။ မှတ်တိုင်ရောက်လို့ ထီဆိုင်ကို လှမ်းမြင်တော့ ထီဝင်ထိုးလိုက်ပါတယ်။ ထီဖိုး ပိုက်ဆံရှင်းမယ်လုပ်တော့ အပြင်မှာ ဈေးဝယ်ဖို့ အလွယ်တကူ ထုတ်ထားတဲ့ ပိုက်ဆံက ကုန်သွားပြီလေ။
အဲဒီတော့ ကျွန်မလည်း ကျွန်မရဲ့ချွေးနဲစာ တစ်လစာလုပ်အားခထဲက ဈေးဝယ်ပြီး ကျန်တဲ့ပိုက်ဆံကို ထည့်ထားတဲ့ ပိုက်ဆံအိတ်ကို ထုတ်လိုက်ပြီး ပိုက်ဆံရှင်းလိုက်ပါတယ်။ ထီဆိုင်ကထွက်လာတော့ ကျွန်မစီးရမယ့် မီနီဘတ်စ်ကား လာနေတာမို့ ချက်ချင်း တက်လိုက်ခဲ့ပါတယ်။
ကားပေါ်ရောက်တော့ ရာသီကလည်း ပူတာမို့ ကားရှေ့နားအပေါက်နားမှာပဲ ကျွန်မရပ်နေတာပေါ့။ ရှေ့တစ်မှတ်တိုင်ရောက်လို့ လူတွေ ကျွန်မကို တိုးကြိတ်ပြီးဆင်းတော့ ကျွန်မကိုင်ထားတဲ့ ဆွဲခြင်းလေးဟာ လူတွေကြားထဲမှာ ညှပ်ပါသွားခဲ့တယ်။ ကျွန်မကလည်း လူတွေလည်းအဲလောက်မကြပ်ပဲနဲ့ ဘာလို့တိုးကြိတ်နေပါလိမ့်လို့ စဉ်းစားရင်း ခေါင်းထဲမှာ လက်ကနဲဖြစ်ပြီး အရင်တစ်ခါ အဲလိုပုံစံမျိုးနဲ့ ခါးပိုက်နှိုက်ခံခဲ့ရတာကို သတိရတော့ ခြင်းတောင်းကို အတင်းပြန်ဆွဲလိုက်ပေမယ့် ဆွဲခြင်းလေးထဲမှာ ပိုက်ဆံအိတ်ရယ် ကျွန်မရုံးမှာ တက်နေတဲ့ အဘိဓမ္မာသင်တန်းရဲ့ မှတ်စုစာအုပ်လေးရယ် ထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်လေး မရှိတော့ပါဘူး။ ဒါနဲ့ ကျွန်မလည်း
“ဟင်… အိတ်မရှိတော့ဘူး.. ကျွန်မ ပိုက်ဆံအိတ်မရှိတော့ဘူး”
“ဟင်” “အို” “ဟာ”ဆိုတဲ့ အာမေဋိတ်သံ အမျိုးမျိုးနဲ့ ကျွန်မနားက လူတွေ ရှဲကုန်ကြပြီး အခုမှ ရှေ့မှတ်တိုင် ဆင်းမလို့ ထွက်လာတာနော် ဆိုပြီး ပြောဆိုကုန်ကြပါပြီ။
“ဟင်း” ကျွန်မ သက်ပြင်းသာချလိုက်နိုင်ပါတော့ တယ်။ ပါသွားတဲ့ ပိုက်ဆံက သုံးထောင်ကျော် လေးထောင်ပဲ။ ရဲစခန်းရောက် ဘာရောက်နဲ့ ရှုပ်အုန်းမှာဆိုတော့ လိုချင်လို့ယူတာ ယူပါစေတော့လေလို့ စိတ်နှလုံးသွင်းပြီး အိမ်ကို ပြန်လာခဲ့တယ်။
အိမ်ရှေ့ရောက်တော့ ပြန်မလာသေးတဲ့ သမီးကို ထွက်မျှော်နေတဲ့ အဖေနဲ့အမေကို “အမေရေ သမီးတော့ ထီပေါက်ခဲ့ပြီ” လို့ အစချီပြောပြပြီး အိမ်ပေါ်တက်ခဲ့ပါတယ်။ ဒီအချိန်ထိ ကျွန်မစိတ်ထဲ အေးအေးဆေးဆေးပဲရှိခဲ့တယ်။
“ဟိုက်”
ကျွန်မ တကယ်ဟိုက်ရပြီလေ။ ညဖက် ကိုရီးယားဇာတ်လမ်းတွဲလေး ကြည့်မယ်လုပ်တော့ ကျွန်မရဲ့ အားကိုးရတဲ့ မျက်လုံးနှစ်လုံးက ပါသွားတာကိုးရှင့်။ ကျွန်မက ကွန်ပျူတာ ၀န်ထမ်းဆိုတော့ မျက်မှန်က ကျွန်မအတွက် အရေးကြီးတယ်လေ။ အဲ့မှာ ဒုက္ခနဲ့ လှလှ တွေ့တာပေါ့။ မနက် အလုပ် ဘယ်လိုလုပ်ရမလဲပေါ့နော်………….။
(၂)
“ဟဲ့ နင့်.. မျက်မှန်ရော”
“မပြောချင်တော့ပါဘူး မမော်ရယ်.. မနေ့က ခါးပိုက်နှိုက်ခံရတဲ့ထဲ ပါသွားတယ်လေ”
“ဟောတော့”
မနက်ရုံးရောက်တော့ ကွန်ပျူတာကို မျက်မှန်မပါပဲ မျက်မှောင်ကြီးကုတ်ပြီး ကြည့်နေတဲ့ ကျွန်မကို သူငယ်ချင်းက လှမ်းမေးတာပါ။ အဲ့ဒီအချိန်မှာ…
“အမွန်ရေ… ဧည့်သည်”
လို့ခေါ်တဲ့အတွက် ကျွန်မ ရုံးအပေါက်ဝကို ထွက်လာတော့ အသားညိုညို အင်္ကျီဖြူ လည်ကတုံးလက်ရှည်၊ ချည်ချောပုဆိုးအညိုကွက်စိပ်လေး ၀တ်ထားတဲ့ အရပ်ရှည်ရှည် လူရည်သန့်တစ်ဦးကို တွေ့လိုက်ရပါတယ်။ အဲ့ချိန်ကတော့ ကျွန်မရဲ့ စိတ်ထဲမှာ ဘာအကြောင်းကြောင့်ပါလိမ့်ဆိုတာ ပဲ တွေးခဲ့တာပါ။ တစ်ချိန်မှာ ကျွန်မ သိပ်ချစ်ခဲ့ရပြီး ခွဲခွာရမယ့် မောင် ဆိုတာသာ ကြိုသိခဲ့မယ်ဆိုရင်………………………
“ဘာကိစ္စလဲ မသိဘူးနော်”
“အော် ဒီက မွန်မွန်ဆိုတာထင်တယ်နော်.. ကျွန်တော် ဒီအိတ်လေးကောက်ရလို့ ကြည့်တော့ အထဲမှာ အစ်မ ၀န်ထမ်းကဒ်တွေ့လို့ လာပေးတာပါ”
“ဟင်” ကျွန်မလည်း အံ့သြ၀မ်းသာ သွားတယ်။ အလောတကြီး ယူကြည့်လိုက်တော့ ပိုက်ဆံကလွဲပြီး ပိုက်ဆံအိတ်၊ ၀န်ထမ်းကဒ်ကအစ မျက်မှန်ရော အဘိဓမ္မာ မှတ်စုစာအုပ်အဆုံး အကုန်ပြန်ရတာပါ။ ကျွန်မလည်း ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်ရင်း
“ကျေးဇူးတင်လိုက်တာ ကို…”
“အော်. ကျွန်တော့်နံမည်က ညီညီပါ”
“ဟုတ်ကဲ့.. ကိုညီညီ.. ကျွန်မအရမ်းကျေးဇူးတင်တာပဲရှင်. . ကျွန်မမျက်မှန်လေး ပြန်ရလို့ ၀မ်းသာလိုက်တာ”
“ရပါတယ်ဗျာ.. ခုလို အဆင်ပြေတာကြားရလို့ ၀မ်းသာပါတယ်ဗျာ… ကျွန်တော်လည်း ဒီနားက ရုံးကပဲလေ”
“အော်.. ဟုတ်လား၊ ဒါနဲ့ ဒီအိတ်ကို ဘယ်လို ရခဲ့တာလဲဟင်”
“အေးဗျာ… ကျွန်တော် မနေ့က ကန်သာယာကစတိုးဆိုင်မှာ အမေမှာတာလေးဝင်ဝယ်ပြီး ဆိုင်ကပြန်ထွက်တော့ ဆိုင်ရှင်အစ်မကြီးက မောင်လေး မောင်လေး ဒီမှာ မောင်လေးအိတ် ကျန်ခဲ့ပြီပြောလို့ ကျွန်တော် လှည့်ကြည့်တော့ ဒီအိတ်ကို တွေ့တယ်လေ။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့ဟာ မဟုတ်ဘူးလို့ပြောတော့ ဟင်….ဒါဆိုရင် ဘယ်သူကျန်ခဲ့လဲ မသိဘူးဆိုပြီး အိတ်ကို ဖွင့်ကြည့်ကြတယ်။ အဲဒီမှာ ဒီဝန်ထမ်းကဒ်ကို တွေ့တာပဲ။ အဲတာနဲ့ကျနော်လည်း ဟာ ဒီရုံးကဆိုရင် ကျနော့်ရုံးနဲ့နီးနီးလေးရယ်၊ ကျွန်တော်ပြန်ပေးလိုက်လို့ရတယ် အစ်မလို့ ပြောလိုက်တယ်”
“အဲဒီတော့…”
“အဲဒီတော့ အဲ့အစ်မက ပိုက်ဆံလည်း မပါဘူးဆိုတော့ ကျွန်တော်နဲ့လည်းသိတာဆိုတော့ ယူသွားလိုက်လေ ဆိုလို့ ကျွန်တော် ယူလာခဲ့တာပါ”
“အော်.. တော်သေးတယ်… ပိုက်ဆံကလွဲပြီး အကုန်ပြန်ရတယ်.. မနေ့က ကျွန်မ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာလေ”
“ဟုတ်လား”
“ဟုတ်တယ်… ကျေးဇူးတင်လွန်းလို့ ကျွန်မ လဘက်ရည်တိုက်ပါရစေနော်.. ခဏလေး.. ကျွန်မ ရုံးအုပ်ကို သွားပြောလိုက်အုန်းမယ်”
“ဟာ.. နေပါစေ အစ်မ.. ကျွန်တော်သောက်ပြီးပြီ… ရုံးချိန်ကြီးဆိုတော့ ကျွန်တော့်ကို ခွင့်ပြုပါအုန်း”
“ဟုတ်.. ဟုတ်ကဲ့…”
ကျွန်မလည်း ဘာရယ်မဟုတ် သူထွက်သွားတဲ့နောက်ကို လိုက်ကြည့်နေမိတယ်…..
(၃)
“ ချစ် ”
“ ဟင်… ဘာလဲ မောင်”
“ဘာတွေပြုံးနေတာလဲ”
“အော်.. ကျွန်မတို့ စပြီးသိခဲ့တာကို ပြန်အမှတ်ရပြီး ပြုံးမိတာပါ”
“အင်းနော်.. မောင်တော့ အဲဒီ ခါးပိုက်နှိုက်ကို ကျေးဇူးတင်တယ်.. ချစ်နဲ့ တွေ့ခွင့်ရခဲ့လို့လေ”
“အမယ်မယ်… ပိုပြီ”
“တကယ်ပြောတာ ချစ်ရဲ့… ချစ်ကို မောင် သိပ်ချစ်တယ် သိလား.. မခွဲကြေးနော်”
ကျွန်မတို့ ချစ်သူနှစ်ယောက် ရုံးပိတ်ရက်မှာ ဆူးလေမှာရှိတဲ့ Parisian ကော်ဖီဆိုင်လေးရဲ့ အပေါ်ထပ်မှာ ကော်ဖီသောက်ရင်း စကားပြောနေကြတာပါ။
“ ကျွန်မလည်း မောင့်ကို သိပ်ချစ်တာပါ မောင်ရယ်… ဘယ်တော့မှ မခွဲဘူး”
“ဟင်းးးးးးးး မောင်တော့ လက်ထပ်ချင်ပြီကွာ၊ ဒါပေမယ့် မောင်တို့မှာ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ မနေနိုင်သေးဘူး..”
“ဟုတ်တယ် မောင်”
“မောင် တော့ plan လေးတစ်ခု ချထားချင်တယ် ချစ်ရယ်.. မောင်တို့ လည်း အသက်မငယ်ကျတော့ဘူးဆိုတော့ သားသားမီးမီးလေးတွေ ယူမယ်နော်.. မောင်တို့ သားသမီးတွေ မပူမပင် နေရဖို့အတွက် မောင်တို့မှာ တာဝန်ရှိတယ်.. ချစ်ကိုလည်း ချမ်းချမ်းသာသာကြီး မထားနိုင်တောင် မပူမပင် ထားချင်တယ်… မောင် ကြိုးစားရမယ်အချစ်.. မောင်လေ တွေးတွေးပြီး ကြည်နူးရတယ် ချစ်ရယ်”
“မောင့်စကား ကြားရတာနဲ့တင် စိတ်ချမ်းသာရပါတယ် မောင်ရယ်”
“ဟုတ်တယ်ချစ်.. မောင်စဉ်းစားနေတယ်.. ဒီလို ဖြစ်လာဖို့ကလည်း မောင် ဒီတိုင်းနေလို့မဖြစ်နိုင်ဘူး.. မောင့်ညီ တစ်ယောက် စင်ကာပူမှာရှိတယ်… ဟိုတစ်နေ့က မောင်နဲ့တွေ့တော့ သူက ခေါ်နေတယ် ချစ်.. အိမ်ကတော့ မောင့်သဘောလေ.. မောင်ကတော့ သွားပြီး ပိုက်ဆံစုချင်တယ် ချစ်ရယ်.. ချစ် ဘယ်လိုသဘောရလဲဟင်”
“ဟင်” ကျွန်မ ရင်ထဲမှာ ဒိန်းကနဲ မြည်သွားပါပြီ… ကျွန်မကတော့ ကျွန်မတို့ လက်ထပ်ပြီးရင် ဒိုးတူ ဘောင်ဖက် လုပ်ကိုင်စားသောက်မယ်စိတ်ကူးရှိ ပေမယ့် နောင်အရှည်သဖြင့်တော့ မရပ်တည်နိုင်ဘူးဆိုတာ သိနေပြီး မောင်ပြောတာကလည်း နည်းလမ်းကျနေတော့
“ဟင်းးးး မောင် ပြောတာလည်း ဟုတ်ပါတယ်… ဒါပေမယ့် ခွဲရမှာက ဘယ်လောက်တောင် ကြာမလဲ မသိတော့ ကျွန်မ မပြောတတ်တော့ဘူး မောင်ရယ်”
“ အကြာကြီးမဟုတ်ဘူးလေ ချစ်.. ၃ နှစ် အလုပ်လုပ်ပြီး စုမယ်.. ၃ နှစ်နဲ့ အခြေအနေကောင်းရင် မောင် ပြန်လာပြီး ချစ်နဲ့ လက်ထပ်မယ်.. အလွန်ဆုံး ၅ နှစ်ပေါ့ ချစ်ရယ်.. အနာဂတ်မှာ မောင်တို့ မိသားစုလေး အခြေတကျ ဖြစ်ဖို့အတွက်ပါနော်.. ချစ် နော်”
“ဟူးးးးးးးးးးးးး” ကော်ဖီဆိုင်လေးရဲ့ အဲယားကွန်း အအေးက ကျမရင်ထဲက အပူကို မငြိမ်းသတ်နိုင်ခဲ့ပါဘူး။
(၄)
“ ချစ်”
“နေကောင်းရဲ့လား၊ မောင်အရမ်းသတိရတယ်ကွာ… အလုပ်ကပင်ပန်းပေမယ့် ချစ်ဓာတ်ပုံလေးကြည့်လိုက်ရင် အမောကို ပြေရော.. သိလား”
(ဟွန်းးးးးးး ပိုပြီ)
“တကယ်ပြောတာ ချစ်ရဲ့.. ချစ်နဖူးလေးကို အာဘွားလေးပေးလိုက်ရရင် မောသမျှကို ပြေလို့”..
(အော် မောင်ရယ်.. ကျွန်မလည်း မောင့်လိုပါပဲရှင်)
ညနေက အင်တာနက်ဆိုင်ကိုသွားပြီး ကျွန်မအီးမေးထဲကနေ မောင့်ရဲ့ စာကို print ထုတ်လာပြီး ကျွန်မဖတ်ရင်းနဲ့ စိတ်ထဲက ပြောမိနေတာပါ။ မောင်သွားတာလည်း နှစ်နှစ်နီးပါးကြာပြီလေ။
“ဒီလမှာ မောင် လစာထပ်ပြီးတိုးရတယ် ချစ် သိလား…. မောင်အရမ်းပျော်တယ်.. မောင်လည်း ဒီမှာ ပိုက်ဆံ တော်တော်စုမိနေပြီ… ချစ်ကို ပေးတာတွေကို ချစ် သုံးနော်”….
(မသုံးရက်ပါဘူး မောင်ရယ်… ကျွန်မ စုထားတယ်)
“ဒီတိုင်းဆိုရင် မောင် ပြန်လာဖို့နီးပြီလို့ ပြောလို့ရတယ် ချစ်.. သိလား.. အရမ်းပျော်တယ်ကွာ… ချစ် ကျန်းမာရေးဂရုစိုက်နော်”..
(ဂရုစိုက်ပါတယ်မောင်ရယ်.. မောင်လည်းဂရုစိုက်အုန်း)
မောင့်စာကိုဖတ်ရင်း မောင့်ပီတိတွေကို ကျွန်မခံစားလို့ရနေတယ်လေ။ ပြုံးရင်းနဲ့ ကျွန်မခေါင်းလေး တစ်ချက်မော့ပြီး ဆံပင်ကို ပင့်တင်လိုက်ချိန်မှာ မြင်မိလိုက်တာက အိမ်ရှေ့က ဗန်ဒါပင်လေးဟာ ရွက်ဟောင်းတွေကြွေလို့ အရိုးပြိုင်းပြိုင်းနဲ့ပေါ့။
“ဒီနေ့ မောင် ဘဏ်ကို သွားမယ်.. ပြီးရင် ချစ်ဆီကို ဖုန်းဆက်မယ်နော်”
(ကျွန်မလည်း မောင့်ဆီက ဖုန်းကို မျှော်နေပါတယ်မောင်ရယ်)
“သမီးရေ ဖုန်းတဲ့”
ကျွန်မ စိတ်ထဲကပြောနေတဲ့အချိန်မှာပဲ အိမ်နားက စတိုးဆိုင်က ဖုန်းလာတယ်လို့ခေါ်တဲ့အတွက် ကျွန်မ အတိုင်းမသိပျော်သွားပါတယ်..
“လာပြီ လာပြီ”
ကျွန်မအပြေးကလေးသွားပြီး ဖုန်းကိုင်လိုက်ချိန်မှာတော့
“ မမမွန်လား”
“ဟင်… ဟုတ်တယ် မောင်လေး… ဘာဖြစ်လို့လဲဟင်”
“အစ်ကိုလေ အစ်ကို….”
“ဟင်…. မောင်… မောင်… မောင် ဘာဖြစ်လို့လဲဟင်”
“အစ်ကိုလေ ကား အက်ဆီးဒင့် ဖြစ်လို့ ဆုံးးး.. ဆုံးပြီ မမမွန်… သူ့ကိုတိုက်တဲ့ကားမောင်းတဲ့သူက ပြောတာက အစ်ကိုက ဘာတွေတွေးလာလဲမသိဘူးတဲ့၊ ပလက်ဖောင်းကနေ ရုတ်တရက် ကားကိုမကြည့်ပဲ လမ်းဖြတ်ကူးတာ ဘရိတ်အုပ်တာ မမီလိုက်ဘူးတဲ့ မမမွန်”
“ဟင်……………..”
(၅)
ဥသြ…. ဥသြ… ဥသြ
“ဟင်းးးးး ဘာလိုလိုနဲ့ တစ်နှစ်တောင် ပြည့်တော့မှာပဲ”
“မောင်ရယ်… ကျွန်မ ဘယ်လိုဖြေရမလဲဟင်…. ကျွန်မသိတယ်… မောင် ကျွန်မဆီ အီးမေးပို့တုန်းက မောင် ဘယ်လောက်ပျော်နေလဲဆိုတာ ကျွန်မသိတယ်… မောင့် စိတ်ကူးလေးတွေနဲ့ အပျော်လွန်ပြီး မောင် သတိလက်လွတ်ဖြစ်သွားတာ နေမယ်.. မောင်ရယ်…”
ကျွန်မ ဘယ်လိုမှ ဖြေလို့ မပြေနိုင်ခဲ့ပါဘူး။ ရည်မှန်းချက်ကြီးကြီးနဲ့ ဘ၀မျှော်လင့်ချက်တွေနဲ့ ကျွန်မကို သိပ်ချစ်ခဲ့တဲ့ မောင်တစ်ယောက် ကျွန်မကို ထားသွားခဲ့ပါပြီ။ ဘယ်လိုကံကြမ္မာတွေကများ ကျွန်မတို့ ချစ်သူနှစ်ယောက်အပေါ်မှာ ရက်စက်ခဲ့ရတာလဲ။ တကယ်လို့များ ရှေးဘ၀ ၀ဋ်ကြွေးတွေ ရှိခဲ့ကြရင် ဒီဘ၀နဲ့ပဲ ကြေပါရစေလို့ ကျွန်မဆုတောင်းမိပါရဲ့ရှင်။။ ဆုတောင်းမိပါရဲ့………………………..။